လေးမျက်နှာ ဇွန် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ အမှတ်(၃)ရပ်ကွက် အ.လ.က လေးမျက်နှာအခြေခံပညာအလယ်တန်းကျောင်း၌ အစိုးရသစ်၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (နိုင်/စိစစ်ကတ်) နှင့် Unique Identification Number (UID) ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ပေးခဲ့သည်။
လေးမျက်နှာမြို့နယ်အတွင်းရှိ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းတက်ရောက်လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များ ထုတ်ပေးနိုင်ရေး အတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဒုလဝကမှူး ဦးဝင်းစိုးဦး ဆောင်ပြီး ဝန်ထမ်း (၆)ဦးမှလိုအပ်သော အချက်အလက်များ စိစစ်ကောက်ယူ၍ နေချင်းပြီး အခမဲ့ကွင်းဆင်းဆောင် ရွက်ပေးခဲ့ကြသည်။ ထုတ်ဝေပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ် ပြားများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မျိုး၊ ခရိုင်ဦးစီးမှူး ဦးအောင်ဇင်ဝင်း၊ မြို့နယ်ဦးစီးမှူး ဦးလော်ရမ်း၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုး၊ မြို့နယ်ပညာရေးမှူး ဦးသူရလင်းနှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခိုင်ဇာစိုးတို့က ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
အဆိုပါ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံသားစိစစ် ရေးဆိုင်ရာ အထောက်အထားများ အချိန်မီရရှိနိုင်မည်ဖြစ်ပြီး ပညာရေးနှင့် အခြားလူမှုဘဝ ဆိုင်ရာ ကိစ္စရပ်များတွင် ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့်အဆိုပါ လုပ်ငန်း များကို အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်နှင့်အညီ မြို့နယ်အတွင်းရှိ ကျောင်းများ၌ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှသိရသည်။
မြို့နယ်(ပြန်/ဆက်)