ကော့ကရိတ် ဇွန် ၂၅
ကရင်ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်သည် ကော့ကရိတ်မြို့ ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက အမှတ်(၃) ရပ်ကွက်၊ပန်းခြံလမ်းရှိ လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကလေးသူငယ်များအား အာဟာရအဖြစ် နို့ဘူး၊ မုန့်များတိုက်ကျွေးခဲ့ပြီးနောက် ကျောင်းဝန်းအတွင်း ခြံစည်းရိုးအုတ်တံတိုင်း ဆောင်ရွက်နေမှုအခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုနောက် လူမှုရေးရာဝန်ကြီးနှင့်တာဝန်ရှိသူတို့သည် ကော့ကရိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဆေး ကုသလျက်ရှိသောလူနာများအား လိုက်လံကြည့်ရှု၍ အားပေးစကားပြောကြားခဲ့ပြီး ဆေးရုံအုပ် ဒေါက်တာသိန်းတန်မှ လိုအပ်သည်များ ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ လူမှုရေးရာဝန်ကြီးနှင့်အဖွဲ့များသည် အမှတ်(၂)အခြေခံပညာ စက်မှု၊စိုက်ပျိုးရေးနှင့် မွေးမြူရေး အထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ကျောင်းအုပ်ဆရာမကြီး၏ တင်ပြမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)