ဝမ်းတွင်း ဇွန် ၂၅
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများတို့ ပူးပေါင်း၍ “ကျေးလက်ဒေသဖွံ့ဖြိုးရေး” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk)ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက် မွန်းလွဲပိုင်းက ဘုရားစုကျေးရွာ၊ မဟာတိဏ္ဏသတ္တဌာနဘုရားဝင်းအတွင်း၌ ကျင်းပသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ပြည်သူ့စကားဝိုင်းပြုလုပ်ရသည့် ရည်ရွယ် ချက်များကိုရှင်းလင်းပြောကြားသည်။
ယင်းနောက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဦး၊ ဦးဟန်မောင်နှင့်ဦးမင်းနိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေ စာရင်းဦးစီးဌာနတို့မှ မိမိတို့ဌာနအလိုက်ဆောင်ရွက်နေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတို့ကိုဆွေးနွေးကြရာ တက်ရောက်လာသည့်ပြည်သူများက ကျေးလက်လမ်းကောင်းမွန်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးရေရှိရေး၊ သန့်ရှင်းသာယာလှပရေး စသည့်ဒေသဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ပေးစေလိုသည်များ၊ လိုအပ်ချက်များကို တင်ပြမေးမြန်း ခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။ အဆိုပါပြည်သူ့စကားဝိုင်းသို့ ဘုရားစုကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများ တက်ရောက်ခဲ့ ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်