လက်ပံတန်းမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး အစည်းအဝေး ကျင်းပ

လက်ပံတန်း ဇွန် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊  လက်ပံတန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက GTI ခန်းမ၌ ကျင်းပခဲ့သည်။

အစည်းအဝေးတွင် လက်ပံတန်းမြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥက္ကဋ္ဌ ဦးနေမင်းအောင်က ကောလဟာလသတင်းများကြောင့် ပြည်သူများအထိတ်တလန့်မဖြစ်စေရေး၊ ကြိုတင်ပြင်ဆင်ရမည့် လုပ်ငန်းများကို အသိပေးထုတ်ပြန်စေခြင်း၊ အချိန်နှင့်အမျှပြောင်းလဲ ဖြစ်ပေါ်တတ်သည့် မုန်တိုင်း၏သဘောသဘာဝအရ မုန်တိုင်းအဆင့် ပိုမိုပြင်းထန်နိုင်ချေရှိက ရွှေ့ပြောင်းနိုင်ရန် ဘေးလွတ်ရာနေရာများအား ပြန်လည်စိစစ်ပြင်ဆင်ခြင်း စသည့် ပြင်ဆင်ဆောင်ရွက်ရန်များကို ဆောင်ရွက်ရန်၊ သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ရန်များကို အားလုံးဝိုင်းဝန်း ဆွေးနွေးပြီး  လုပ်ငန်းကော်မတီ တာဝန်ရှိသူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှုမရှိစေရေး၊ ထိခိုက်မှုနည်းပါး စေရေးတို့အတွက် မိမိတို့သက်ဆိုင်ရာ တာဝန်ယူထားရသော ကဏ္ဍအလိုက်၊ ကျွမ်းကျင်မှုအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက်  လက်ပံတန်းမြို့နယ် ကျေးရွာအုပ်စုရှိ ကျေးရွာများတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာနိုင်၍ ကျရောက်လာပါက ပြည်သူများအား ပြောင်းရွှေ့နိုင်မည့်နေရာများ အခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ပေါင်းစပ်ဆွေး နွေးပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)