ထားဝယ် ဇွန် ၂၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးဆောင်၍ အခမ်းအနားမှူးသင်တန်းကို ယနေ့နံနက်ပိုင်းက ထားဝယ်ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။
သင်တန်းတွင် တိုင်းဒေသကြီးမှုရေးရာဝန်ကြီးဦးသက်နိုင်က အခမ်းအနားမှူးသင်တန်းသည် ဌာန ဆိုင်ရာများမှ တက်ရောက်လာသည့် သင်တန်းသားများကို အရည်အချင်းပြည့်ဝသော အခမ်းအနားမှူးကောင်းတစ်ယောက်ဖြစ်လာစေရန်ရည်ရွယ်ပြီး ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ အခမ်း အနားမှူးကောင်းတစ်ဦးဖြစ်ရန် အသံအနေအထား၊ စကားပြောပုံပြောနည်း၊ အချိန်ကိုတိကျစွာထိန်းသိမ်းနိုင်မှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှုနှင့်မမျှော်လင့်သော အခြေအနေ များကို ဉာဏ်ပညာဖြင့် ဖြေရှင်းနိုင်မှုတို့လိုအပ်ကြောင်း၊ ယနေ့ခေတ်တွင် ပြည်သူ့ဝန် ဆောင်မှုလုပ်ငန်းများ ပိုမိုတိုးတက်လာသည်နှင့်အမျှ ပြည်သူများနှင့် ထိတွေ့ဆက်ဆံရာတွင် အဖွဲ့အစည်း၏ ပုံရိပ်ကောင်းတစ်ရပ် ပေါ်ထွက်လာစေရေးအတွက် အခမ်းအနားကျင်းပမှုများကိုလည်း စနစ်တကျဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် အခမ်းအနားမှူးဆိုင်ရာ အခြေခံသဘောတရားများ၊ လက်တွေ့ကျွမ်းကျင်မှု များနှင့် မိမိတို့ လုပ်ငန်းခွင်တွင်အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ရန်တာဝန် ပေးအပ်လာပါက အသုံးချနိုင်မည့် အတွေ့အကြုံကောင်းများကို ရရှိမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဒေါ်ယဉ်ယဉ်နုက အခမ်းအနားမှူးဆိုသည်မှာအစည်းအဝေး၊ ဆွေးနွေးပွဲ၊ လှူဒါန်းပွဲ၊ ဖွင့်ပွဲအခမ်းအနား၊ သင်တန်း၊ ဘာသာရေးအခမ်းအနားစသည်များတွင်အခမ်းအနားပြီးစီးအောင် တာဝန်ထမ်းဆောင်ခြင်းကို အခမ်းအနားမှူးဟုခေါ်ဆိုကြောင်းနှင့် အခမ်းအနားမှူးတစ်ဦး သိရှိလိုက်နာရမည့်အချက်များ၊ ဆောင်ရန်ရှောင်ရန် အချက်များကို ဆွေးနွေးပြောကြားသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးနှင့် ဒုတိယညွှန်ကြားရေးမှူးတို့က ဌာနဆိုင်ရာသင်တန်းသား(၂၀) အားအခမ်းအနားမှူးတစ်ဦးတွင်ရှိရမည့် အရည်အချင်းများ၊ အခမ်းအနားမှူး၏ ဝတ်စားဆင်ယင်မှု၊ အသံအနေအထား၊ မိုက်ကရိုဖုန်းနှင့်ပြောဆိုရမည့်နည်းလမ်းများ၊ အသံအဖြတ်အတောက်၊ အနိမ့်အမြင့်၊ စကားလုံးအသုံးအနှုန်းများ စသည်တို့ကို ဇွန် ၂၆ ရက်အထိ လေ့ကျင့်သင်ကြားပေးမည်ဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းကို ယခုနှစ်အတွင်း (၄)ကြိမ်ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)