ပိုင်ကျုံမြို့၊ အထက်ပိုင်ကျုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပညာပါရမီချစ်သူ RCC နှစ်ထပ်ကျောင်းဆောင်သစ်ဖွင့်

ဘားအံ ဇွန် ၂၅

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အထက်ပိုင်ကျုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် အလျား ပေ ၃၀၀ ၊  အနံ ၃၁ ပေ ၊ အမြင့် ၂၄ ပေရှိ RCC နှစ်ထပ် ပညာပါရမီချစ်သူ ကျောင်းဆောင်သစ်ဖွင့်ပွဲကို ဇွန် ၂၅ ရက် နံနက်ပိုင်းက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဦးစယဉ်ဌေးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ဦးစွာ နှစ်ထပ်ကျောင်းဆောင်သစ်ကို အထက်ပိုင်ကျုံကျောင်းကြီးဆရာတော်ဘဒ္ဒန္တသီရိန္ဒ၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်ဒုတိယပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဇောတိက၊ ကြက်တူရွေးကျောင်းဆရာတော် အဂ္ဂမဟာ သဒ္ဓမဇောတိကဓဇဘဒ္ဒန္တစန္ဒေါဘာသ၊ ပြည်နယ်ဝန်ကြီးများနှင့် ကျောင်းဆောင်သစ်အလှူရှင် ဦးစောချစ်သူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဆရာတော်ကြီးများက ကျောင်းဆောင်သစ်ဆိုင်းဘုတ်နှင့်ကမ္ပည်းမော်ကွန်းတို့အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကြကာ တက်ရောက်လာသူများနှင့်အတူ အမွှေးနံ့သာရည်များပက်ဖျန်းပေးကြသည်။

ထို့နောက် ကျောင်းဆောင်သစ်ဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ ယဉ်ကျေးမှု အဖွဲ့များအား ကျောင်းဆောင်သစ်အလှူရှင်ဦးစောချစ်သူက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူး၍ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများက ကျောင်းဆောင်သစ်အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ယင်းနောက် ကျောင်းဆောင်သစ်အား ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို အဆိုပါ ကျောင်းဆောင်သစ်ခန်းမအတွင်း၌ကျင်းပရာ သဘာပတိများအဖြစ် အထက်ပိုင်ကျုံကျောင်းကြီးဆရာတော်အမှူးပြုသော ဆရာတော်ကြီးများက ဆောင်ရွက်ကြပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ဒုတိယပါမောက္ခချုပ်ဆရာတော်က ဩဝါဒကထာမြွတ်ကြားကာ ပြည်နယ်သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးစယဉ်ဌေးက ကျောင်း အကျိုးဆောင်များ၊ မိဘများ၊ ဆရာ၊ဆရာမများအနေဖြင့် ကျောင်းဆောင်သစ် ရေရှည်သန့်ရှင်းသာယာလှပစေရေး၊ ပရိဘောဂများရှေရှည်ကောင်းမွန်စေရေး ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရန်၊ ကျောင်းကော်မတီများ၊ အကျိုးဆောင်များ၊ မိဘများအနေဖြင့် မိမိတို့၏ သားသမီးပညာသင်ကြားခွင့်ကို လမ်းကြောင်းအမှန်သို့ရောက်အောင် တိုက်တွန်းလမ်းညွှန်ပေးကြရန်နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း ပညာရည်ထူးချွန်ပြီး နိုင်ငံအတွက်အားထားရသည့် ဗလငါးတန်နှင့်ပြည့်စုံသော တပည့်ကောင်းများပေါ်ထွက်အောင် သင်ကြားပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ကျောင်းဆောင်သစ်အလှူရှင်ဦးစောချစ်သူက ကျောင်းဆောင်သစ်ဆောက်လုပ်လှူဒါန်းခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများအား ပြည်နယ်ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးထံ လွှဲပြောင်းပေးအပ်ကာ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ကျောင်းဆောင်သစ်အလှူရှင်က တက်ရောက်လာသူများအား  ဖွင့်ပွဲအထိမ်းအမှတ်အလံများ ပေးအပ်ပြီး အထက်ပိုင်ကျုံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)အတွက် ဘင်ခရာ၊ပန်းပွားဝတ်စုံစရိတ်နှင့် ကျောင်းရန်ပုံငွေတို့ကို လည်းကောင်း၊ ပိုင်ကျုံမြို့အခြေခံပညာအထက်တန်းကျောင်းအတွက် ကျောင်းရန်ပုံငွေတို့ကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

အဆိုပါအထက်တန်းကျောင်း(ခွဲ)တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်သား၊ကျောင်းသူ(၅၅၀)ဦး တက်ရောက် ပညာသင်ကြားလျက်ရှိပြီး လိုအပ်ချက်အရ အလှူရှင် ဦးစောချစ်သူ၊ဇနီးနန်းခင်လှသူမိသားစုက ရေ၊ ဆိုလာလျှပ်စစ်မီး၊ သန့်စင်ခန်း၊ စာသင်ခန်းနှင့် ကျောင်းခန်းမတို့တွဲဘက်ပါဝင်သော (၂)ထပ်ကျောင်းဆောင်သစ်ကို ဆောက်လုပ်လှူဒါန်းခဲ့ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)