ကြို့ပင်ကောက် ဇွန် ၂၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အမှတ် ၈၇ သစ်စက်ဝန်းအတွင်းတွင် ယမန်နေ့နံနက် (၈) နာရီအချိန်က ၂၀၂၆ ခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ကျင်းပခဲ့သည်။
ရှေးဦးစွာစိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်သစ်တောဦးစီးအရာရှိနှင့်တာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့် တာဝန်ရှိသူများထံပေးအပ်ခဲ့ပြီး၊ မိုးရာသီသစ်ပင်စိုက်ပွဲတော်သို့ တက်ရောက်လာကြသည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ အင်အား ၈၅၀ ဦးခန့်က ခရေ ၁၀၀၊ မဟော်ဂနီ ၁၀၀၊ ပိတောက် ၅၀၊ ပျဉ်ကတိုး ၁၀၀၊ ကျွန်း ၅၀၊ ငုရွှေဝါ ၅၀၊ စိန်ပန်း ၅၀ စုစုပေါင်းပျိုးပင် (၅၀၀) အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်တောဦးစီးဌာနမှ သစ်တောဂေဟစနစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေလာစေရန်၊ ရာသီဥတုပြောင်းလဲမှုကိုထိန်းညှိရန်၊ သစ်တောပြုန်းတီးမှု မဖြစ်ပေါ်စေရန်နှင့် ကာကွယ်ထိန်းသိမ်းနိုင်စေရန် ဒေသအပူချိန်လျှော့ချနိုင်စေရန်နှင့် ဂေဟစနစ်ပြုပြင် ထိန်းသိမ်းဆောင်ရွက်နိုင်စေရန်အတွက်ရည်ရွယ်၍ သစ်တောသစ်ပင်များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်သစ်တောဦီးစီးမှူး ဦးတင်မြတ်ကပြောကြားခဲ့သည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)