ဖျာပုံ ဇွန် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့ နံနက် (၁၁)နာရီ အချိန်ကမြို့ပေါ် အ.ထ.က ကျောင်းများ၌ပြုလုပ်ကြသည်။
အဆိုပါ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အသိပညာပေး ဟောပြောပွဲတွင်ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီလွင်က "ရှောင်လေဝေးဝေးမူးယစ်ဆေး" ခေါင်းစဥ်ဖြင့် ဟောပြောပြီးနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသောအသိပညာပေး လက်ကမ်းစာ စောင်တွင် မူးယစ်အန္တရာယ်ပြည့်ရန်စွယ် ကာကွယ်တိုက်ဖျက်လက်ချင်းဆက်၊ ကျောင်းသား လူငယ်များ သိရှိလိုက်နာသင့်သည့်အချက်များ၊ ကမ္ဘာ့ပြဿနာမူးယစ်ဆေး တစ်ကမ္ဘာလုံးက တိုက်ဖျက်ပေး၊ ကဗျာဆရာ မင်းသန်းနိုင်(မုဒုံ)၏ ဝိုင်းဝန်းကာကွယ် မူးယစ်ဆေးဝါး အန္တရာယ် ကဗျာ၊ အဆိုးကျော့စက်ဝန်းအဆုံးသတ်ဖို့ အုပ်စုဖွဲ့ မှုခင်းတိုက်ဖျက်စို့၊ မူးယစ်ဆေးဝါး ဆိုသည်မှာ၊ ၂၀၂၅ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်း ဝယ်မှု တိုက်ဖျက်ရေးနေ့တွင် မီးရှို့ဖျက်စီးခဲ့သည့် မူးယစ်ဆေးဝါး စာရင်းများ၊ မူးယစ်ဆေး ဝါးအုပ်စု (၅)မျိုးအကြောင်း၊ တန်ဖိုးရှိလှ လူငယ်ဘဝ မူးယစ်ကင်းစင်ကျန်းမာမှနှင့် ပညာပေးကာတွန်းများ စသည့်အသိပညာပေးများ ထည့်သွင်းဖော်ပြပါရှိသော လက်ကမ်းစာ စောင်များအား ကျောင်းသား၊ ကျောင်းသူများ၏ လက်ဝယ်သို့လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။
ထိုနောက်ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသောစာအုပ်စာစောင်များနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး၊ မူးယစ်ဆေးဝါး အန္တရာယ် အသိပညာပေး၊လူကုန်ကူးမှုဆိုင်ရာအသိပညာပေး အကြောင်းအရာများ ပါဝင်သော နံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)