ထန်းတပင်မြို့နယ်၌ ကျေးရွာမြေငှားဂရန်များ ထုတ်ပေးနိုင်ရေးအတွက် ကျေးရွာနယ်နမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းမှတ်တိုင်များစိုက်ထူ

ထန်းတပင်(ရန်ကုန်) ဇွန် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ်၊ ပရွတ်ကျေးရွာအုပ်စု၊ လမုကျေးရွာအတွင်းရှိ ကျေးရွာနေပြည်သူများအား ရက် (၁၀၀) စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်များကို ထုတ်ပေးသွားမည်ဖြစ်ပြီး ဇွန်လ (၂၃) ရက်နေ့က ကျေးရွာနေပြည်သူများအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် အဆိုပါကျေးရွာတွင် ကျေးရွာနယ်နမိတ်သတ်မှတ်ခြင်းနှင့် မြေတိုင်းမှတ်တိုင်စိုက်ထူခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ဆောင်ရွက်ရာတွင်လည်း ကျေးရွာမြေငှားဂရန်ထုတ်ပေးရေး မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်နိုင်ဦးနှင့်အဖွဲ့ဝင်များက လမုကျေးရွာအတွင်း ကျေးရွာမြေငှားဂရန်ထုတ်ပေးသွားမည့်မြေနေရာများအား ကျေးရွာနယ်နမိတ်များသတ်မှတ်ကာ မြေတိုင်းမှတ်တိုင်စိုက်ထူခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်၍ ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာနေပြည်သူများအား ကျေးရွာမြေငှားဂရန်များထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်နိုင်ဦးနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများက ကျေးရွာမြေငှားဂရန် လျှောက်ထားသည့်အချက်အလက်များ စာရင်းပြုစုခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)