ကွန်ဟိန်း ဇွန် ၂၆
ကျောင်းသားလူငယ်များ မူးယစ်နွံထဲမကျရောက်စေရေး အဖိုးတန်ပြီးအရည်အချင်းရှိသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန်အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ဇွန် ၂၄ ရက်နေ့နံနက်(၁၀)နာရီက ၂၀၂၆ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီဆွဲပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပကြောင်း သိရသည်။
ရှေးဦးစွာ ကွန်ဟိန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးဝင်းလှိုင်က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုပန်းချီဆွဲပြိုင်ပွဲတွင် အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများမှ အနာဂတ်ပန်းများလှပဖို့ မူးယစ်အန္တရာယ်ကာကွယ်စို့ ခေါင်းစဉ်ဖြင့် ပန်းချီဆွဲခြင်းများအား ယှဉ်ပြိုင်ကြသည်။ ထို့နောက် ဆုရရှိသူသည့် ကျောင်းသား/ကျောင်းသူများအား ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးဝင်းလှိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးနှင့် ဆရာမ ဒေါ်ကြူကြူဝင်းတို့က ဆုများချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)