အောင်လံ ဇွန် ၂၆
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါဘယကင်းဝေးစေရန်နှင့် ကျန်းမာကြံ့ခိုင်စေရန်ရည်ရွယ်၍ ရွာထောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ (COVID-19) ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက အဆိုပါရုံး၌ စနစ်တကျ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများက ရွာထောင်ရပ်ကွက်အတွင်းရှိ ပြည်သူများ၊ သက်ကြီးဘိုးဘွားများနှင့် လာရောက်ပြသသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းအပါအဝင် လိုအပ်သည့် ကျန်းမာရေးစစ်ဆေးမှုများ အခမဲ့ဆောင်ရွက်ပေးခဲ့ပြီး သတ်မှတ်အကြိမ်ပြည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြသည်။ ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် ဒေသခံပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းအပြင်လိုအပ်သည့် ဆေးဝါးများနှင့်ထောက်ပံ့မှုများကိုလည်း တာဝန်ရှိသူများက စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် ရွာထောင်ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ရပ်ကွက်အခြေပြု လူမှုကူညီရေးအသင်းအဖွဲ့များက လိုအပ်သည်များကို ဝိုင်းဝန်းကူညီ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)