ပန်းတောင်းမြို့နယ်၌ သဘာဝဘေးလျော့နည်းရေး အသိပညာပေးဟောပြော

ပန်းတောင်း ဇွန် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များကို သိရှိပြီး ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်လျော့နည်းရေး အသိပညာပေးဟောပြောပွဲကို ဇွန် ၂၄ ရက်နေ့နံနက်ပိုင်းက တမာကုန်းကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ဦးစွာ အခြေခံပညာမူလတန်းလွန်ကျောင်း (တမာကုန်း)မှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးမော်က ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် မုန်တိုင်းအန္တရာယ်၊ ရေဘေး၊ လေပြင်းဘေး၊ ငလျင်ဘေးနှင့် မိုးကြိုးဘေးအန္တရာယ်များ ဖြစ်ပေါ်လာပါက ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ ဘေးဖြစ်ပွားနေစဉ်အတွင်း လိုက်နာရမည့်အချက်များနှင့် ဘေးဖြစ်ပွားပြီးပါက ဆောင်ရွက်ရမည့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြသည်။

ထို့နောက် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားစွာ လေ့လာနိုင်စေရန်အတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပြသခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ တမာကုန်းကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ တက်ရောက်နားထောင်မှတ်သားခဲ့ကြကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)