မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ

မိုင်းရှူး ဇွန် ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် အသက်(၁၀)နှစ်နှင့် အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက်နေ့နံနက်(၁၁)နာရီက ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာ၊ ဝမ်ကန်နယ်မြေ၊ အောင်မင်္ဂလာသိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးအလယ်တန်းကျောင်း(တွဲ)၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်စိုးက ရက်(၁၀၀)လမင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနော်ခမ်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခလရ(၁၄၉)ယာယီတပ်ရင်းမှူး ဗိုလ်မှူးနေထက်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များက အောင်မင်္ဂလာသိဒ္ဓိ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူ(၇၅)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခဲ့သည်။ ယင်းနောက် ကျောင်းသူတစ်ဦးက ကျောင်းသား၊ကျောင်းသူများ၏ကိုယ်စား ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ မိုင်းရှူးမြို့နယ်၊ ဟိုဆိုင်ကျေးရွာအုပ်စု၊ ပါနိမ့်ကျေးရွာအခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)သို့ အသက်(၁၀)နှစ်နှင့်အထက် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID များထုတ်ပေးနိုင်ရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးကျော်ခိုင်ဝင်းနှင့်ဝန်ထမ်းများက လိုအပ်သော အချက်အလက်များစိစစ်ကောက်ယူ၍ နေ့ချင်းပြီးဆောင်ရွက်ပေးနေမှုများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းနော်ခမ်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်သိုက်ဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလင်းထိုက်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

မိုင်းရှူး(ပြန်/ဆက်)