မြစ်ကြီးနား ဇွန် ၂၅
တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ယနေ့ နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေးနှင့် လွှတ်တော် ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူကာ အစည်းအဝေး အထမြောက်ကြောင်းနှင့် စတင်ကြောင်း ကြေညာသည်။
ထို့နောက်လွှတ်တော်ကိုယ်စားလှယ်များက လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၂) ခု၊ လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၁) ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၂) ခု၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၁) ခုနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာမေးခွန်း (၄) ခု စုစုပေါင်းကြယ်ပွင့်ပြမေးခွန်း (၁၀) ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားသည်။
ယင်းနောက်အစည်းအဝေး ပဉ္စမနေ့တွင် တင်သွင်းခဲ့သော ပြည်နယ်လွှတ်တော် သစ်တော၊ သတ္တု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကော်မတီနှင့် စည်ပင်သာယာရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာကော်မတီ စသည့် ကော်မတီ (၂) ခု ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်တွင် ဆွေးနွေးအတည်ပြုခဲ့ကြပြီး အစည်းအဝေး ဆဋ္ဌမနေ့ကို ရပ်နားလိုက်ကြောင်း ကြေညာကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးကို အောင်မြင်စွာ ကျင်းပသည်။
ပြည်နယ် (ပြန်/ဆက်)