ကြံခင်းမြို့၊ အ.ထ.က(၁)၌ အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်း ဆောင်ရွက်ပေးခြင်း အခမ်းအနားကျင်းပ 

ကြံခင်း ဇွန် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ကျော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ မပြုလုပ်ရသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ပြုလုပ်သည်။

အခမ်းအနားတွင် မြန်အောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေက နိုင်ငံတော်အစိုးရအသစ်၏ ရက် (၁၀၀) အတွင်း ပြည်သူလူထု၏ လိုအပ်ချက်များကို အမြန်ဆုံး ဖြည့်ဆည်းပေးနိုင်ရန်နှင့် နိုင်ငံတော်၏ စီးပွားရေး၊ လူမှုရေး၊ ပညာရေးကဏ္ဍပေါင်းစုံ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ဝန်ကြီးဌာနအသီးသီးတို့မှ စီမံချက်များရေးဆွဲ၍ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာဦးက အစိုးရရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက် (၁၈) နှစ်ပြည့်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ် မရရှိသေးသူတွေကို မြို့နယ်ဦးစီးမှူးရုံးများမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အထိဆောင်ရွက်ပေးခဲ့ပြီး၊ အသက် (၁၀) နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား အခြေခံပညာအလယ်တန်း၊ အထက်တန်းကျောင်းများအား ဇွန် (၁) ရက်နေ့မှ ဇူလိုင် ၃၁ ရက်နေ့အထိ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကြံခင်းမြို့နယ်အတွင်း အခြေခံပညာကျောင်း ၂၀ အား ဆောင်ရွက်ပေးလျက်ရှိရာတွင် အ.ထ.က(၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ ၂၀၃ ဦး ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တိုင်းဦးစီးမှူး (ညွှန်ကြားရေးမှူး) ဦးအောင်မျိုး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင်ဝင်းရွှေ၊ ခရိုင်ဦးစီးမှူး ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန္တာဦး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူ များအားအသီးသီးက နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များအား ပေးအပ်ကြကာ ကျောင်းသား၊ ကျောင်းသူများက လက်ခံရယူကြပြီး၊ ကျောင်းသား၊ ကျောင်းသူများကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်ပြည့်ဖြိုးနှင့်ဝန်ထမ်းများက အ.ထ.က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ဆောင်ရွက်ပေးနေမှုအား ဝာာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(ပြန်/ဆက်)