မြို့သစ် သြဂုတ် ၆
မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် မိုးအဆက်မပြတ်သည်းထန်းစွာရွာသွန်းမှုကြောင့် မြို့လုလင်ဘူတာနှင့် မြို့သစ်မြို့ဘူတာအကြား ရထားလမ်း မိုင်တိုင်အမှတ် ၃၀၃ /၂-၃ ကြား ပုတီးကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းမှာ ယမန်နေ့ နံနက် ၉ နာရီခန့်က ရထားလမ်းအား မိုးရေတိုက်စားကာ ရထားသံလမ်း၏ ဇလီဖားတုံးများ ပြုတ်ထွက်ပြီး ရထားလမ်းအောက်ခံမြေသားဘောင်မှာ (၁၄)ပေခန့် ရေတိုက်စားပျက်စီးသွားခဲ့သဖြင့် မီးရထားပေါ် လိုက်ပါလာသည့် ခရီးသွားပြည်သူများ အချိန်(၄) နာရီကျော်ခန့် ခရီးကြန့်ကြာသွားခဲ့ကြောင်း မြို့လုလင်ဘူတာရုံပိုင်ထံမှ သိရသည်။
မြို့သစ်မြို့ဘူတာနှင့် မြို့လုလင်ဘူတာတွင် နေ့စဉ်နေ့လယ် (၁၂) နာရီ (၃၀) မိနစ်တွင် ပြေးဆွဲလျက်ရှိသော နေပြည်တော်-ချောက် အဆန် စာပို့ရထားနှင့် နေ့စဉ် နေ့လယ် (၁)နာရီ (၃၀)မိနစ်တွင် ချောက်-နေပြည်တော်အစုံ စာပို့ရထားတို့ ပြေးဆွဲလျက်ရှိရာ ရထားသံလမ်းအား ရေတိုက် စားခံရပြီးပျက်စီးသွားခဲ့သဖြင့် နေ့စဉ်ပြေးဆွဲလျက်ရှိသည့် အစုံ/အဆန် စာပို့ရထားတွင် အနယ်နယ်အရပ်ရပ်မှ လိုက်ပါလာသည့် ခရီးသွား ပြည်သူများ မြို့သစ်မြို့ဘူတာတွင်လည်းကောင်း၊ မြို့လုလင်ဘူတာတွင်လည်းကောင်း ဆက်လက်ခရီးသွားရန် အခက်အခဲနဲ့ ရင်ဆိုင်ခဲ့ ရကြောင်း မြို့သစ်မြို့ဘူတာရုံမှ သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး မြန်မာ့မီးရထား (မြို့ပြ) အငယ်တန်းအင်ဂျင်နီယာ ဦးသန်းဇော်နှင့် ဝန်ထမ်းများသည် အစုန်/ အဆန် စာပို့ ရထားပေါ် လိုက်ပါစီးနင်းလာသည့် ခရီးသွားလုပ်သားပြည်သူများ အမြန်ပြန်လည်ခရီးဆက်နိုင်ရေး မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာ အဖွဲ့မှ ပျက်စီးသွားသည့်ရထားသံလမ်းအား အမြန်ဆုံးပြုပြင်ဆောင်ရွက်လျက်ရှိကြောင်းနှင့် မြန်မာ့မီးရထားပေါ်လိုက်ပါလာသည့် ခရီးသည် များ ဘေးအန္တရာယ်မရှိစေရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦး၊ မြို့နယ်ရဲ တပ်ဖွဲ့ဝင် များ၊ မြို့နယ်မီးသတ်ဦးစီး ဌာနမှဝန်ထမ်းများ၊ မြန်မာ့မီးရထားဝန်ထမ်းများက လုံခြုံရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)