စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုကုန်ကြမ်းသီးနှံ ဝါစိုက်ဧက တိုးတက်လာစေရေး လုပ်ဆောင်

မုံရွာ သြဂုတ် ၆

ဝါသီးနှံစိုက်ဧကများ တိုးတက်လာစေရေး ဝါစိုက်တောင်သူများကို အသိပညာပေးခြင်းနှင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးများဖြင့်စိုက်ပျိုးထားသော စိုက်ခင်းများ အား ကွင်းသရုပ်ပြပွဲများ လုပ်ဆောင်ပေးလျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးဌာန ဦးထွန်းရှိန်၏ ပြောကြား ချက်များအရ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း စက်မှုကုန်ကြမ်းသီးနှံဖြစ်သောဝါကို စိုက်ပျိုးမှုများပြားသော်လည်း ရာသီဥတုပြောင်းလဲလာခြင်း၊ ဝါမျိုးစေ့များနှင့် ထွက်ရှိဝါများ၏ အရည်အသွေးများ ကျဆင်းလာခြင်း၊ ဈေးကောင်းမရရှိခြင်းတို့ကြောင့် အခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးမှုများလာခြင်းကြောင့် ဝါစိုက်ဧက ကျဆင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

“ဝါမှာစိုက်တဲ့အချိန်က မိုးကြို၊ မိုးနဲ့ မိုးနှောင်းဆိုပြီး ဝါစိုက်ချိန်(၃)ချိန်ရှိတယ်၊ ဝါရဲ့အရည်သွေး ပိုကောင်းတဲ့ မိုးနှောင်းဝါကို များများစိုက်ဖို့နဲ့ သီးနှံပုံစံတွေ ပြောင်းလဲဖို့ အတွက် စနစ်တကျရေးဆွဲ လုပ်ဆောင်နေတာဖြစ်ပါတယ်၊ စက်မှု ကုန်ကြမ်း သီးနှံတွေက စက်ရုံပိုင်းမှာလည်း တွက်ချေကိုက်မှုရှိရမယ်၊ စိုက်တဲ့တောင်သူပိုင်း မှာလည်း တွက်ချေကိုက်မှုရှိရမယ်၊ အဲဒိလို အခြေအနေမျိုးရှိမှ စက်မှုကုန်ကြမ်းသီးနှံတွေ စီးပွားဖြစ်ထုတ်လုပ်တဲ့ကုန်ကြမ်းတွေ ဖြစ်လာမှာဖြစ်လို့ တောင်သူတွေကို စည်းရုံးပြီးလုပ်ဆောင်နေပါတယ်၊ ရွှေတောင်(၁၀)ရဲ့ အားသာချက်က အပင်သက် (၁၀)လ လောက်အထိ ဝါကောက်နိုင်တယ်၊ အထွက်နှုန်းသေချာတယ်၊ စုပ်ပိုးဒဏ်ကို လည်းခံနိုင်ရည်ရှိတယ်၊ အဲဒါကြောင့် တောင်သူတွေ စိုက်နိုင်ဖို့ ကွင်းသရုပ်ပြပွဲတွေလုပ်ပေးနေပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းရှိန်က ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ယနေ့အချိန်အထိ စက်မှုကုန်ကြမ်းသီးနှံဖြစ်သော ဝါစိုက်ပျိုးပြီးစီးမှုအနေဖြင့် မလှိုင်မျိုး (၄၉၆၃)ဧက၊ ဝါကြီးမျိုး(၄၅၅၀)ဧက၊ မိုးကြိုဝါ (၂၅၁)ဧကနှင့် မိုးဝါ (၅၆၉၅)ဧက စိုက်ပျိုး ပြီးစီးပြီ ဖြစ်ကြောင်းနှင့် ယခု ဘဏ္ဍာရေးနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မလှိုင်ဝါမျိုး (၁၄၆၀၀) ဧက၊ ဝါကြီးမျိုး (၅၀၀၀)ဧက၊ မိုးကြိုဝါ (၃၆၀) ဧက၊ မိုးဝါ (၂၁၆၇၄)ဧကနှင့် မိုးနှောင်းဝါ (၃၇၇၁၂)ဧက ကို စိုက်ပျိုးသွားရန်လျာထားကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာန၏ မှတ်တမ်များအရ သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)