လေးမျက်နှာမြို့နယ်တွင် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေ ပေးအပ်

လေးမျက်နှာ   သြဂုတ်   ၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ သောင်ဘုတ်ကျေးရွာတွင် ဇူလိုင် ၃၀ ရက်နေ့က ငဝန်မြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့အိမ်ထောင်စုများအတွက် ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၁၂ နာရီခွဲတွင် ထောက်ပံ့ငွေများကို အိမ်တိုင်ရာရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်အုပ်စု၊ သောင်ဘုတ်ကျေးရွာတွင် ဇူလိုင် ၃၀ ရက်နေ့၌ ဖြစ်ပွားခဲ့သော ကမ်းပြိုပြောင်းရွှေ့ အိမ်ခြေ (၂)လုံး၊ လူဦးရေ (၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၂၀၀,၀၀ဝိ/-)၊ လူဦးရေ (၃) ဦးတို့အတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၁၄,၇၀ဝိ/-)၊ စုစုပေါင်း ကယ်ဆယ်ရေးထောက်ပံ့ငွေ(၂၁၄,၇၀၀)ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ သောင်ဘုတ်ကျေးရွာ၌ ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စုများ လက်ဝယ်သို့ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ရွှေမိုး(လေးမျက်နှာ)