မိုင်းဖြတ်၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

မိုင်းဖြတ်  မတ်  ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများမှ ကိုရိုနာဗိုင်းရပ်စ် ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့  နံနက် ၈ နာရီခွဲက  မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် တာဝန်ရှိသူများက ပြည်သူများ   (COVID-19)ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရေးနှင့်  အများပြည်သူများ အလွယ်တကူ သိရှိလိုက်နာစေရေး ပညာပေး လှုံ့ဆော်ခြင်းကို ပူးပေါင်းဆောင် ရွက်ခဲ့သည်။           

ထိုသို့ဆောင်ရွက်ရာတွင် ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးပြည့်နှင့် တာဝန်ရှိသူများ၊ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်မျိုးဇော်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့် ခွဲမှု ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရာဇာဝင်းထွန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး အောင်မျိုးနှင့် တပ်ဖွဲ့ဝင်များ ၊   မြို့နယ်မီးသတ်တပ်ဖွဲ့များက မြို့မစျေးရှေ့၊ ဟိုနားကျေးရွာ၊ ဝမ်ပုံကျေးရွာတို့တွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါလဏ္ခာများ၊ ကူးစက်ပုံ နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများဖြစ်သည့် လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ပုံမှန်ဆေး ခြင်းဖြင့် ကာကွယ်ခြင်း ၊ လူထူထပ်သည့် နေရာများသို့မသွားပဲ မိမိအိမ်တွင် တက်နိုင်သမျှ နေထိုင်ရေးစသည့် အချက်များကို  ပြည်သူများသို့ အသိပေးကြေညာခဲ့သည်။

ဆက်လက်၍ နံနက် ၁၀ နာရီတွင် မြို့နယ် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး ကော်မတီအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်္ဂဟလူမှုကူညီရေးအဖွဲ့များနှင့် ဌာဆိုင် ရာ များက တာချီလိတ်-မိုင်းဖြတ်-ကျိုင်းတုံသွား ကူးစက်ရောဂါပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက်  ခရီးသွား ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ ကိုယ်ပူချိန်များ တိုင်းတာ စစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)