မဘိမ်း ဩဂုတ် ၆
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးလွင်တို့က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လိုအပ်သည့်အချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ငြိမ်း ငြိမ်းအေးက ရပ်ကွက်/ ကျေးရွာများတွင် မဲဆန္ဒရှင်အမည်စာရင်းများ ပထမအကြိမ် ကပ်ထားကြေညာဆောင်ရွက်ထားရှိမှုအား ပြည်သူများ က လာရောက် ကြည့်ရှုပြီး အချက်အလက်များမှန်ကန်စေရေး ပြင်ဆင်လျှောက်ထားနေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
မဘိမ်းမြို့နယ်တွင် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၅ ရက်အထိ ၁၂ ရက်အတွင်း မဲဆန္ဒရှင်အမည် စာရင်းများ ပထမ အကြိမ် ကပ်ထား ကြေညာဆောင်ရွက်ထားရှိမှုအား ပြည်သူ ၆၁၆၄ ဦးခန့် လာ ရောက် ကြည့်ရှုကြပြီး မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် ပုံစံ(၃)ဖြင့် လျှောက်ထားသူ ၂၉၁ ဦး၊ ကန့်ကွက်လွှာ ပုံစံ(၄) ဖြင့်လျှောက်ထားသူ ၉၄ ဦးနှင့် အချက်အလက်ပြင်ဆင်လွှာ ပုံစံ(၄-ဂ)ဖြင့် လျှောက်ထားသူ ၂၅၀ ဦးရှိကြောင်း သိရသည်။
မျိုးမင်း (ပြန်/ဆက်)