မယ်စဲ့ မတ် ၃၀
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေးနှင့် ဒေသခံပြည်သူများ ကျန်းမာရေးအသိ ပိုမိုအားကောင်းလာစေပြီး ပူးပေါင်းဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ကျန်းမာရေးအသိပညာပေးဟောပြောခြင်းကို ယနေ့နံနက်၈နာရီက မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်ခဲ့သည်။
ကျန်းမာရေး အသိပညာပေးရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ဇော်ထွန်းက မယ်စဲ့မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ကိုမကြာခဏဆေးကြောကြရန်၊ လူစုလူဝေး မပြုလုပ်ကြရန်၊ မိသားစုဝင်အချင်းချင်း နီးကပ်စွာ မနေကြရန်၊ အရာဝတ္တုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆေးကြောရန်၊ ချောင်းဆိုး၊ ဖျားနာ၊ အသက်ရှုမဝဖြစ်ပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားရန်၊ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် ဒေသန္တရအမိန့်ကို လိုက်နာကြရန်နှင့် ပြည်ပမှပြန်လာသူများအား (၁၄)ရက်ကြာ သီးခြားစောင့်ကြည့်လျက်ရှိကြောင်းနှင့် အဝင်/အထွက်စစ်ဆေးရေးဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ဒေသခံပြည်သူများမှ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်း၍ ကမ္ဘာ့ကပ်ရောဂါ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်နေပြည်သူများအား နှာခေါင်းစည်း(MASK) များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)