တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘာသာစကားသင်တန်းနှင့် မော်တော်ယာဉ်စက်ပြင် သင်တန်းများအား ကိုဗစ်−၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရန် ကွင်းဆင်းစစ်ဆေး

ရန်ကုန် ဩဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ဘာသာစကား သင်တန်းနှင့် မော်တော်ယာဉ်စက်ပြင် သင်တန်းများအား ကိုဗစ် − ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်နိုင်ရေးကို ယမန်နေ့ နံနက် (၁၀) နာရီ၌ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇေယျ ဝင်း၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေဦး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဒေါ်ယုယုခိုင် နှင့် တာဝန်ရှိသူများသည် ဘာသာစကား သင်တန်းနှင့် မော်တော်ယာဉ်စက်ပြင်သင်တန်းများ ဖွင့်လှစ်ရာတွင် သင်တန်းသား၊ သင်တန်းသူများအား  တစ်ဦးနှင့်တစ်ဦး အကာအကွယ်များဖြင့် သင်ယူနိုင်ရန်ထားရှိမှု၊ နှာခေါင်းစည်း (Mask) များ စနစ်တကျ တပ်ဆင်ထားရှိမှု၊ လက်ဆေးဘေစင်များ ထားရှိမှု၊ ကိုဗစ်−၁၉ ရောဂါ သံသယ လက္ခဏာရှိသူ၊ ဖျားနာသူတွေ့ရှိပါက ဆောင်ရွက် ရမည့် လုပ်ငန်းများ စီစဉ်ဆောင်ရွက်ထားမှု၊ ပိုးသတ်ဆေးဖြန်းခြင်း စသည့်ဆောင်ရွက်မှုများကို စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် သင်တန်းကျောင်းများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက် များနှင့် အညီ စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းထက်ထက်အောင်