ကျောက်တလုံးကြီး မတ် ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အရှိန်အဟုန်မြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၈ နာရီက ကျောက်တလုံးကြီးမြို့၊ နောင်ယာဆိုင်းကျေးရွာ စစ်ဆေးရေးဂိတ်တွင် ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ စီးနှင်းလာသည့် စက်တပ်မော်တော်ယာဉ်များကို ပိုးသတ်ဆေးဖျန်း ပေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်နေမှုများကို ကျောက်တလုံးကြီးမြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးနှင့်ကြက်ခြေနီဝန်ထမ်းများ၊ အရပ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများနှင့် ဒေသခံတိုင်းရင်းသားများတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး မော်တော်ဆိုင်ကယ် ၄၅ စီး၊ အိမ်စီးယာဉ် ၆၀စီး၊ ကုန်တင်ယာဉ် ၂၈ စီးနှင့် ခရီးသည်တင်ယာဉ် ၁၃ စီးတို့ကို ပိုးသတ်ဆေးဖျန်းခြင်း၊ စီးနှင်းလာသူ (၃၆၉)ဦး တို့ကို အပူချိန်တိုင်းတာပေးခြင်းနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ မဖြစ်ပွားစေရေးအတွက် လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်အချက်များကို ကျောက်တလုံးကြီး မြို့အုပ်ချုပ်ရေးမှူး ဦးစောချမ်းနှင့် တာဝန်ရှိသူများတို့က အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ကျောက်တလုံး (ပြန်/ဆက်)