ထန်းတပင်၌ မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်ရေး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး

ထန်းတပင်(ရန်ကုန်)၊ သြဂုတ် ၇

၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်ရာတွင် အခြေခံ မဲဆန္ဒရှင် စာရင်းများ ပိုမိုပြည့်စုံ မှန်ကန် စေရေးအတွက် မဲဆန္ဒရှင်စာရင်း စစ်ဆေးခြင်းနှင့် မဲဆန္ဒရှင်စာရင်းတွင် ပါဝင်ပြီး အမှန်တကယ် ကိုင်ဆောင် လက်မှတ်မရှိသေးသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို သြဂုတ်လ(၆)ရက်နေ့၊ နံနက်ပိုင်းက အမှတ်(၁) ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ကွင်းဆင်းပြုလုပ် ဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။

ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးဦးစီးမှူး ဦးမျိုးကျော်သူနှင့် ဝန်ထမ်းများ၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ တာဝန် ရှိသူများ၊ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂) ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်းကာ အခြေခံမဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် ရပ်ကွက်အတွင်းရှိ အခြေခံမဲဆန္ဒရှင် စာရင်းများ စိစစ်ခြင်းလုပ်ငန်းများနှင့် မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး အမှန်တကယ် ကိုင်ဆောင်လက်မှတ် မရှိသေးသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ပေးခြင်းကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

“အခု နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးတာကြတော့ မဲဆန္ဒရှင် စာရင်းမှာ အမှန်တကယ်ပါတယ်။ ဒါပေမယ့် နိုင်ငံသားစိစစ်ရေးကတ်ပြား အမှန်တကယ် မပြုလုပ်ရသေးတဲ့ ရပ်ကွက်နေပြည်သူတွေကိုပြုလုပ်ပေးတာပါ။ ရပ်ကွက်၊ ကျေးရွာ အုပ်စု(၃၂) အုပ်စုကို ပထမအကြိမ် ကွင်းဆင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။ မဲဆန္ဒရှင်စာရင်း ပိုမိုပြည့်စုံ မှန်ကန် စေဖို့ အတွက်ကိုလည်း ကျန်ရှိနေတဲ့ ရပ်ကွက်၊ ကျေးရွာတွေကို ဆက်လက်ပြီးတော့ ကွင်းဆင်း ဆောင်ရွက်ပေးသွားမှာပါ” ဟု မြို့နယ် ဦးစီးမှူး ဦးမျိုးကျော်သူကပြောသည်။

ဇင်မင်းထိုက်(ပြန်/ဆက်)