မိုင်းကိုင်မြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ်​ရောဂါ ကြီးကြပ်စောင့်ကြည့်ရေး နေရာများ ကြိုတင် ပြင်ဆင်

မိုင်းကိုင်  မတ် ၃၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ  ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်  မြို့နယ်အဆင့် ကိုရိုနာဗိုင်းရပ်စ်​ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ ကုသရေး လုပ်ငန်းကော်မတီ၏  အစည်းအဝေး ဆုံးဖြတ်ချက်များဖြင့်  ပြည်သူများ ပါဝင်လာစေရန်အတွက် မြို့နယ်အတွင်း ရုံးဌာနများတွင် လက်ဆေးကန်များ ထားရှိခြင်း၊  လက်စနစ်တကျဆေးနည်း အသိပညာပေး ပိုစတာများ ကပ်ထားခြင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ ကိုရိုနာဗိုင်းရပ်စ်​ရောဂါ အသိပညာပေး  လုပ်ငန်းများကို နေ့စဉ်မပြတ် ရပ်ကွက်/ကျေးရွာအုပ်စု  လမ်းများပေါ်တွင်  ဆော်သြရေး ဆောင်ရွက်ပေးခြင်း၊ မြို့နယ် စည်ပင်သာယာ စျေးဆိုင်ခန်းများတွင်  ပိုးသတ်ဆေးများ ပက်ဖျန်းခြင်း၊ လူစည်ကားသည့် စားသောက်ဆိုင်များတွင်  ဆိုင်ထိုင်စားခြင်း မပြုလုပ်ပဲ  နေအိမ်သို့ဝယ်ယူ သယ်ဆောင်စေခြင်းစသည့်  အသိပညာပေးရေး လုပ်ငန်းများကို  တစိုက်မတ်မတ်  ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။

ထို့ပြင် ရောဂါကူးစက်ပြန့်ပွားခြင်း မဖြစ်ပေါ်စေရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် သံသယလူနာများ  မရှိသေးသော်လည်း ရပ်ကွက်/ကျေးရွာအုပ်စုများသို့ နေ့စဉ်ဝင်ရောက် လာသည့် လူဝင်လူထွက်များ၊ ပြည်တော်ပြန်များအား Home quarantine ဖြင့် နေထိုင်ရန် အဆင်မပြေသူ များ၊ စည်းကမ်းလိုက်နာခြင်း မရှိသူများ ရှိလာပါက Facility quarantine အဖြစ်  ကျန်းမာရေး ကြီးကြပ်စောင့်ကြည့်နိုင်ရန် ရည်ရွယ်၍ မိုင်းကိုင်မြို့နယ်၊ အခြေခံပညာ အထက်တန်းကျောင်း နှင့် မြို့နယ်ခန်းမတို့တွင် နေရာများ သတ်မှတ်ကာ Covid-19ရောဂါ ထိန်းချုပ်၊ ကာကွယ်ရေး လုပ်ငန်းများ ကြိုတင်ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သိရှိရသည်။

နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)