တောင်ကြီး ဖေဖော်ဝါရီ ၂၄
ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု ရှင်းလင်းတင်ပြချက်နှင့် လမ်းဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှု တင်ပြခြင်းကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး၌ ကျင်းပခဲ့သည်။
ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့် အခမ်းအနားကတော့ ရှမ်းပြည်နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေး လုပ်ငန်းများ စိစစ်ဆောင်ရွက်နိုင်ရေးအတွက် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်းတင်ပြသည့် အခမ်းအနား ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်သည် နယ်မြေဒေသ ကျယ်ဝန်းကြီးမားသည့်အတွက် တည်ဆောက်ရေးလုပ်ငန်းများကို စိစစ်ရာမှာ လျင်မြန် လွယ်ကူနိုင်စေရေးအတွက် ယခင်ကာလက ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီများကို ပြည်နယ်ဝန်ကြီးများက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုအခါတွင် ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း) တည်ဆောက်ရေး လုပ်ငန်း စိစစ်ရေးကော်မတီများကို ပြန်လည်ဖွဲ့စည်းရာတွင် သက်ဆိုင်ရာ လမ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူး(မြို့ပြ)များကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ပြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတို့မှ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနအကြီးအကဲများကို အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ သက်ဆိုင်ရာ လမ်းဦးစီးဌာန၏ ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)များကို အတွင်းရေးမှူးများအဖြစ် လည်းကောင်း၊ အသစ်ပြန်လည်ဖွဲ့စည်းပေးခြင်းဖြစ်ကြောင်း၊ ယခုအသစ်ဖွဲ့စည်း ပေးထားသည့် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီများအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အတွင်း ပြည်နယ်ငွေလုံး၊ ငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့် ညီညွှတ်စေရေး၊ အရည်အသွေးနှင့် စံချိန်စံညွှန်း ပြည့်မီစေရေး၊ အလေအလွင့်နှင့် မသမာမှုများ ကင်းရှင်းရေး၊ စနစ်တကျ စီမံခန့်ခွဲ အသုံးပြုနိုင်ရေးတို့ အတွက် အလေးထား ကြိုးပမ်းအားထုတ် ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီးလှဦးမှ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြန့်ကြာမှုမရှိစေရေးနှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးကြရန်၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ကော်မတီအဖွဲ့များကလည်း ပူးပေါင်းဆောင်ရွက်ပေးကြရန် ရှင်းလင်းပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ် တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဝင်များမှ တစ်ဦးချင်း မိတ်ဆက်ကြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်မှ စိစစ်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။ ထို့နောက် တက်ရောက်လာကြသည့် သက်ဆိုင်ရာဌာနများမှ သိရှိလိုသည်များ ဆွေးနွေးတင်ပြ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးသူရဇော်မှ ဌာန၏ လုပ်ငန်းများ ရှင်းလင်းတင်ပြပြီး အထွေထွေဆွေးနွေးကာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ ကျော်ထွန်းမှ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)