မြစ်ကြီးနား ဖေဖော်ဝါရီ ၂၃
ကချင်ပြည်နယ်အတွင်း နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များအတွက် ဧည့်ရိပ်သာတည်ဆောက်လျက်ရှိ ရာတွင် အဆောက် အအုံ တည်ဆောက်ပြီးစီးမှုအခြေအနေ၊ ရန်ပုံငွေရရှိသုံးစွဲမှုနှင့် စိစစ်ကြီးကြပ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများနှင့် ပတ်သက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ရှင်းလင်း တင်ပြခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ပြည်နယ်၏ ဂုဏ်သိက္ခာနှင့် အညီ နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ တည်းခိုနိုင်သည့် အဆင့်မြင့်သည့် ဧည့်ရိပ်သာတစ်ခု အမှန်တကယ် လိုအပ်ပါကြောင်း၊ ယခုတည်ဆောက်ပြီးစီးသည့် ဧည့်ရိပ်သာသည် ယခင်အစိုးရ လက်ထက် ကတည်ဆောက်ခဲ့သော်လည်း မိမိတို့ ကောင်စီအဖွဲ့အနေဖြင့် စနစ်တကျ စိစစ်ကြပ်မတ်၍ လွှဲပြောင်း လက်ခံရန် လိုအပ်ပါကြောင်း မှာကြားသည်။
ယင်းနောက် ပြည်နယ်ကောင်စီရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဇော်က ဧည့်ရိပ်သာတည်ဆောက်ခဲ့ မှုအခြေအနေတွင် ဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိသုံးစွဲမှု အခြေအနေကို ရှင်းလင်းတင်ပြပြီး အဆောက်အအုံအား တာဝန်ယူ ဆောက်လုပ်ခဲ့သည့် မနောဧရာကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာက ဧည့် ရိပ်သာ တည်ဆောက်ရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး တည်ဆောက်ရေးလုပ်ငန်းအဆင့်ဆင့်နှင့် ဘဏ္ဍာ ငွေရရှိမှုအပေါ် အပိုင်းလိုက် ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်လုပ်ငန်းစိစစ်ရေးနှင့် လုပ်ငန်းကြီးကြပ်မှုကော်မတီ၊ အတွင်းရေးမှူး ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မြို့နယ်အရည်အသွေးစစ်ဆေးရေးနှင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ မြစ်ကြီးနား မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ဧည့်ရိပ်သာတည်ဆောက်ခြင်းလုပ်ငန်းအပေါ် စိစစ်ကြီးကြပ်မှုနှင့် အကြံပြု မှတ်ချက်များ တင်ပြခဲ့မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ကြရာ ပြည်နယ် ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် ကောင်စီအတွင်းရေးမှူးတို့က အဆောက်အအုံ တည်ဆောက်မှုနှင့် လုပ်ငန်း ကြီးကြပ် စိစစ်ခဲ့မှုများအပေါ် လိုအပ်ချက်များ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ အပေါ် ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ကောင်စီဥက္ကဋ္ဌက နိုင်ငံတော်အဆင့်ပုဂ္ဂိုလ်များ တည်းခိုမည့် ဧည့်ရိပ်သာဖြစ်သည့်အတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ မြေယာရှုခင်းသာယာလှပမှုရှိ စေရေး၊ စိစစ်ရေးအဖွဲ့အသီးသီး၏အကြံပြုတင်ပြချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေကို စိစစ် ကြပ်မတ်၍ စနစ်တကျလွှဲပြောင်းလက်ခံနိုင်ရေးနှင့် ဧည့်ရိပ်သာအမည်အား ဧရာဝတီဧည့်ရိပ်သာအဖြစ် သတ်မှတ်နိုင်ရေး အတည်ပြုဆုံးဖြတ်ပေးခဲ့သည်။
ပြည်နယ်ပြန်/ဆက်