တောင်သူလယ်သမားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ပုသိမ် ဖေဖော်ဝါရီ ၂၄ ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် တောင်သူ လယ်သမားနေ့ အခမ်းအနားကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)တွင် ကျင်းပခဲ့သည်။ အစည်းအဝေးသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အတူ စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးနှင့် အခမ်းအနားကျင်းပရေး ကော်မတီဝင်များ တက်ရောက် ခဲ့ကြသည်။ ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်(၂) ဦးတင်အေးက အခမ်းအနားကျင်းပနိုင်ရေး စီမံဆောင်ရွက်ထားရှိမှုများကို တင်ပြပါသည်။ ၎င်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက အခမ်းအနားကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းတာဝန်ပေးထားရှိမှုနှင့် လုပ်ငန်း ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြပါသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိန်မောင်မြင့်က အခမ်းအနားတွင် စိုက်ခင်းများပြသရန် ဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြခြင်းနှင့် ပုသိမ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးလင်းကိုကို က ခရိုင်အလိုက် တာဝန်ပေးအပ်ထားရှိမှုနှင့် ဆောင်ရွက်မည့် အစီအမံများကို ဆွေးနွေးတင်ပြ ခဲ့ကြသည်။ ယင်းနောက် ကော်မတီများအလိုက် ဆွေးနွေးတင်ပြခြင်းနှင့် အထွေထွေ ဆွေးနွေးတင်ပြခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်က ကော်မတီများအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းအသေးစိတ်များကို အောင်အောင်မြင်မြင် ဆောင်သွားကြရန် ပြောကြားခဲ့ ကြောင်းသိရသည်။ ၂၀၂၁ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တောင်သူလယ်သမားနေ့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၊ ဝါးဒူးကျေးရွာတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ မောင်မောင်မြင့်(ပြန်/ဆက်)