တောင်ကြီး ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေး ခန်းမတွင် ဖေဖော်ဝါရီ(၂၄)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ရှိ ဆေးရုံများသို့ ဆေးပဒေသာပင် အလှူငွေများထောက်ပံ့ လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ် အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက ဆေးရုံများကို ဆေးပဒေသာပင် အလှူငွေများ ထောက်ပံ့ရန်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးဆေးရုံ (၁၆၆၂)ရုံမှာ (၃၅၇)ရုံ ဖွင့်လှစ်ကာ ဖွင့်လှစ်ပြီး ဆေးကုသပေးနေသည့် ဆေးရုံ (၂၇)ရုံ၊ ပုံမှန်လည်ပတ်နေမှုမှာ (၇၇၈)ရုံနှင့် အချို့ဆေးရုံတွင် CDM ပါဝင်နေကြောင်း၊ နီးစပ်ရာ တပ်မတော်ဆေးရုံ ပါရဂူများနှင့် ညှိနှိုင်းကာ ကုသပေးနေကြောင်း၊ အချို့မှာ ဆေးအခက်အခဲများ ရှိလာသောကြောင့် စိတ်တူကိုယ်တူ စေတနာရှင်များ စုပေါင်း၍ အလှူငွေများ လာရောက်လှူဒါန်းပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ဆေးရုံတွင် ကုသပေးနေသည့် ဆရာဝန်၊ ဆရာဝန်မများနှင့် လာရောက်ကုသနေသည့် လူနာများကိုလည်း လိုအပ်သော စားစရာများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ စေတနာရှင်အလှူရှင်များမှ လာရောက်လှူဒါန်းသော အလှူငွေများကို ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ စေတနာရှင် အလှူရှင်များမှ ဆေးရုံများသို့ ဆေးပဒေသာပင် အလှူငွေ လာရောက်လှူဒါန်းမှု စုစုပေါင်းကျပ်(၂၅၅)သိန်း ဖြစ်ကြောင်းသိရသည်။
ထို့နောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များ နှင့် အတွင်းရေးမှူး တို့သည် အောင်ပန်းမြို့ရှိ အမှတ်(၂) တပ်မတော်ဆေးရုံ ခုတင်(၇၀၀)သို့ အလှူငွေနှင့် စားစရာများ သွားရောက် ထောက်ပံ့ရာ ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ဆေးရုံအတွက် အလှူငွေကျပ်သိန်း(၃၀)နှင့် ဆေးရုံရှိ ဝန်ထမ်းများအတွက် အလှူငွေကျပ်(၁၆)သိန်း (၆)သောင်း၊ စားစရာ ကြက်ဥ၊ ခေါက်ဆွဲခြောက်တို့ကို ပေးအပ်လှူဒါန်းပေးရာ အမှတ်(၂)တပ်မတော်ဆေးရုံ ခုတင်(၇၀၀) တပ်မှူး ဗိုလ်မှူးချုပ် စောရန်နိုင်မှ လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရသည်။
၎င်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အတွင်းရေးမှူးတို့သည် ဆေးရုံရှိ အရေးပေါ် ကုသကြပ်မတ်ဆောင်၊ အရိုးဆောင်၊ အမျိုးသမီးနှင့် ကလေးမွေးဖွားဆောင်၊ အရာရှိများ ကုသဆောင်တို့အား လှည့်လည်၍ ဆေးကုသခံယူနေသော လူနာများကို အားပေးစကား ပြောကြားကာ စားစရာနှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဒေါက်တာကျော်ထွန်း၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ အမှတ်(၂) စစ်မြေပြင်ဆေးတပ်ရင်းဆေးရုံသို့ သွားရောက်ကာ ဆေးရုံအတွက် အလှူငွေ ကျပ်သိန်း(၂၀) ပေးအပ် လှူဒါန်းပြီး ဆေးရုံရှိလူနာများအား လှည့်လည်ကြည့်ရှု အားပေးစကားပြောကြားကာ စားစရာနှင့်ငွေများ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရသည်။
မောင်မောင်သန်း(တောင်ကြီး)