ပူတာအိုမြို့၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများဆောင်ရွက်

ပူတာအို  မတ်  ၃၀

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီကကြီးမှူး၍ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေးဗီနိုင်းပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၆)နာရီခွဲက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အများပြည်သူ ကြည့်ရှုလေ့လာနိုင်သော နေရာများတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းတွင်     အများပြည်သူများ သိရှိလိုက်နာရမည့် အချက်များနှင့် ဆောင်ရန်ရှောင်ရန် အချက်များပါ၀င်သည့် ဗီနိုင်းပိုစတာများ စိုက်ထူခဲ့ကြပြီး မြို့မဈေး(မနက်ဈေး)၊ ဟိုခိုဈေး(အောက်ချိုင့်ဈေး) များတွင် မြန်မာနှင့်ကချင် နှစ်ဘာသာဖြင့် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနက ထုတ်ဝေထားသော ကိုရိုနာဗိုင်း ရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြသည်။

အဆိုပါ လုပ်ငန်းများကို မြို့နယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်နှင့် လုပ်ငန်းကော်မတီ အတွင်းရေးမှူး မြို့နယ်ကျန်းမာရေးမှူး ဦးကျော်မြင့်အောင်တို့က ဦးဆောင်မှုဖြင့် မြို့နယ်အဆင့်လုပ်ငန်း ကော်မတီ၀င်များ၊ ဌာနဆိုင်ရာ၀န်ထမ်းများ၊ မီးသတ်တပ်ဖွဲ့၀င်များ၊ ကြက်ခြေနီတပ်ဖွဲ့၀င်များ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)