မိုးညှင်း မတ် ၃၀
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ကုသနိုင်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် စောင့်ကြည့်လူနာများ ထားရှိရန် နေရာနှင့် ဘူတာရုံတို့တွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖြန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး၏ ဦးဆောင်မှုနှင့် မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်ပိုင်း စောင့်ကြည့်လူနာများ သီးသန့်ထားရှိမည့် ပုညရှင်စက္ခုပါလဆေးရုံတွင် သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်နေမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
အလားတူ မီးရထားဘူတာရုံကြီးတွင်လည်း မြို့နယ်သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ် ဖွဲ့ဝင်များအင်အား (၅၀) ကျော်နှင့် မီးသတ်ကား (၂) စီးအသုံးပြု၍ ရေဖြင့်သန့်ရှင်းရေး ဆောင်ရွက်ပြီး ပိုးသတ်ဆေးပက်ဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ပိုးသတ်ဆေးဖြန်းခြင်းကို ယနေ့ညနေ (၅) နာရီအချိန်တွင် မြို့မဈေးကြီးကိုလည်း သန့်ရှင်းရေးဆောင်ရွက်ပြီး ပိုးသတ်ဆေး ပက်ဖျန်းပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေး ကော်မတီမှသိရသည်။
ရောဂါဖြစ်ပွားမှုကို ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်အတွင်း အချက်အခြာနေရာများတွင် အသိပညာပေး ဗွီနိုင်းများ စိုက်ထူထားရှိခြင်း၊ မြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များ အလိုက် အသံချဲ့စက်များဖြင့် ပြည်သူများ လိုက်နာဆောင်ရွက်ရန် လိုအပ်မည့် အသိပေး နိုးဆော်ချက်များကိုလည်း နေ့စဉ်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)