ဘားအံ ဧပြီ ၁၇
မြန်မာရိုးရာ မဟာသင်္ကြန်အကြတ်နေ့ ဧပြီလ ၁၅ ရက်နေ့ ညနေပိုင်းတွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့်အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တပ်မတော် အရာရှိကြီးများ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ခရိုင်ဥက္ကဋ္ဌ ပဒိုအောင်မော်အေး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများသည် ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ အတာသင်္ကြန်မဏ္ဍပ်၌ မိသားစုဝင်များ၏ ပျော်ရွှင်စွာ ရေကစားနေမှုများကို ကြည့်ရှု့ အားပေးခဲ့ကြသည်။
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေး ကောင်စီရုံး၏ မြန်မာ့ရိုးရာ မဟာသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်ယိမ်းအက အဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုများ၊ အတာရေပတ်ဖျန်း၍ ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲနေမှုများကို ကြည့်ရှု့အားပေးခဲ့ပြီး သီဆိုဖျော်ဖြေခဲ့ကြသော ယိမ်းအဖွဲ့များနှင့် မိသားစုဝင်များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
ကရင်ပြည်နယ်၊ ဘားအံမြို့ မဟာသင်္ကြန်ပွဲတော်တွင် မဏ္ဍပ်ဆောက်လုပ်ခြင်း၊ အလှပြယာဉ်များဖြင့် လှည့်လည် ခြင်းများအား ဆောင်ရွက်ခွင့်မပြုဘဲ ကိုဗစ်စည်းကမ်းနှင့်အညီ အေးချမ်းစွာ ရေပတ်ကစားကြလျက်ရှိရာ ဘားအံမြို့ ပတ်ဝန်းကျင်ဒေသ အထင်ကရနေရာများဖြစ်သော တောင်ဝိုင်းတောင်၊ ရှေးဟောင်းသမိုင်းဝင် မဟာဆဒ္ဒန်လိုဏ်ဂူတော်၊ ရေတံခွန်ရေလှောင်ကန်၊ ကြောင့်ကာမ်လာဘ်၊ ကော့ကသောင်ဂူ၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ အစရှိသည့် နေရာများတွင် ရေပက်ခံသူများ၊ ရေပက်ကစားသူများဖြင့် စည်ကားလျက်ရှိပြီး လာရောက် ရေကစားကြသူများအား စတုဒိသာ အကျွေးအမွေးများဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးလျက်ရှိကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)