မြိုင် ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်တွင် ဧပြီလ ၁၅ ရက် ညနေ ၆ နာရီခန့်က မိုးသက်လေပြင်း တိုက်ခတ်သောကြောင့် သာသနာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း မြို့နယ်ထွေ/အုပ်ဦးစီးဌာနမှသိရသည်။
မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြိုင်မြို့ပေါ်လမ်းဘေးဝဲယာရှိ သစ်ပင်များလဲခြင်း၊ ရွာတန်းရှည်အုပ်စုမိတ္တီလာရွာ၊ မြေရင့်အုပ်စု၊ မြေရင့်ရွာ၊ စိုတောရွာ၊ နှမ်းဆီကန်အုပ်စု၊ သရက်ကန်ရွာ၊ စိုကန်တိုက်ရွာ၊ တွင်းမအုပ်စု၊ သိမ်ကုန်းရွာအလယ်စုရွာ၊ ကူတိုရွာတို့ရှိ သာသနာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ လူနေအိမ်များမှာ အမိုးလန်ပျက်စီးမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုများကြောင့် လမ်းဘေးဝဲယာရှိသစ်ပင်များလဲပြိုခြင်း၊ ကျေးရွာအုပ်စု(၄)အုပ်စု၊ ကျေးရွာ(၉)ရွာမှ သာသနိက အဆောက်အုံ(၆)လုံး၊ စာသင်ကျောင် း(၄)ကျောင်း၊ လူနေအိမ်(၄၀)အိမ် စုစုပေါင်း အဆောက်အဦ (၅၀)ခုတို့ အမိုးလန်ပျက်စီးခဲ့ပြီး လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် မြို့ပေါ်လမ်းဘေးဝဲယာရှိ သစ်ပင်များလဲပြိုခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့ကြပြီး ပျက်စီးထိခိုက်အိမ်ထောင်မိသားစုများအတွက် ထောက်ပံ့မှုများရရှိနိုင်ရေးအတွက်စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဖြိုးမွန်ကျော်