နမ့်ဆန် မတ် ၃၀
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးအဖြစ် မြို့ပေါ်(၃)ရပ်ကွက်တွင် ပိုးသတ်ဆေးရည် ဖျန်းခြင်း၊ ရေမြောင်းများ အမှိုက်ပုံများအား သန့်ရှင်းရေး ဆောင်ရွက်ခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီခွဲ အချိန်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ကုသရေး ဒေသအဆင့် ကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် နမ့်ဆန်မြို့နယ်အဆင့် လုပ်ငန်းကြီးကြပ်မှု ကော်မတီအဖွဲ့ဝင်များ ကြီးကြပ်လျက် မြို့နယ် ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်၊ မြို့နယ်မီးသတ်၊ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့တို့နှင့်အတူ ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ လူထုလှုပ်ရှားမှုအဖြစ် နမ့်ဆန်မြို့ပေါ် ရပ်ကွက်များရှိ ရေမြောင်း များသန့်ရှင်းရေး၊ အမှိုက်ဆယ်ယူခြင်း၊ မီးသတ်ယာဉ်၊ အပေါ့စား မီးသတ်စက်များဖြင့် ပိတ်ဆို့ရေမြောင်းများ ရှင်းလင်းခြင်း၊ ပိုးသတ်ဆေး၊ ကာကွယ်ဆေး ပက်ဖျန်းခြင်းများကို ဆောင်ရွက်ခဲ့ပြီး ဈေးဆိုင်ရှင်များ၊ စီးပွားရေး လုပ်ငန်ရှင်များ၊ ရပ်ကွက် မိဘပြည်သူများနှင့် မြို့လယ်လူငယ် အဖွဲ့တို့ကလည်း ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြသည်။
ထို့ပြင် နမ့်ဆန်မြို့မှ မြို့နယ်ပြင်ပ ထွက်ခွာသည့် မော်တော်ယာဉ်လိုင်းများမှ ခရီးသည်တင် မော်တော်ယာဉ်များ ကိုလည်း ပိုးသတ်ဆေး၊ ကာကွယ်ဆေး ပက်ဖျန်းခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အောင်မိုး (နမ့်ဆန် ပြန်/ဆက်)