ပေါင်းတည် သြဂုတ် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းညွန့်နှင့် အဖွဲ့ဝင်များ အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်ဇင်ထွန်းနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ မြို့နယ်ပြန်/ဆက် ဦးစီးဌာနမှ ဝန်ထမ်းများနှင့် အရပ်ဘက်လူမှုရေး အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးရှေ့ ရန်ကုန်ပြည် ကားလမ်းဘေးမှ ခရီးသွားပြည်သူများနှင့် မြို့ပေါ်ရပ်ကွက်များ၌ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေခဲ့ကြပြီး အများမြင်သာသည့် နေရာအသီးသီးနှင့် မြို့နယ်အတွင်းရှိ လူစည်ကားရာ သတ်မှတ်နယ်မြေ အသီးသီးသို့ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးပိုစတာများ သွား ရောက် ချိတ်ဆွဲပေးခဲ့ ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက်လည်း မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်း များ ထုတ်ပြန်ကပ်ထားကြေညာပေးခြင်း မဲဆန္ဒရှင်ပြည်သူများ လာရောက်ကြည့်ရှုနိုင်ရေးအတွက် အသံ ချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ပေးခြင်းအပြင် မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား လက်ကမ်း စာစောင်(၃၀၀)အား ဒေသခံမဲဆန္ဒရှင်ပြည်သူများ လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေခြင်း မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်းဆိုင်ရာ မေးခွန်းနှင့်အဖြေများ ပိုစတာ(၇၀)အား အဆိုပါပူးပေါင်း အဖွဲ့မှ လိုက်လံချိတ်ဆွဲခဲ့ကြကြောင်း သိရသည်။
တင်ဝင်းဇော်(မင်းသားကြီး)