မိုင်းယောင်း၌ ရာသီစာ ကြောင်လျှာသီးများ ရောင်းအားကောင်း

မိုင်းယောင်း သြဂုတ် ၇

မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သော ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ရာသီစာကြောင်လျှာသီးများ ထွက်ပေါ်နေလျက်ရှိရာ ရောင်းအားကောင်း၍ စျေးကောင်းရရှိပြီး ဝင်ငွေကောင်း လျက် ရှိကြောင်း သိရသည်။

ကြောင်လျှာပင်များကို ဥယျာဉ်ခြံမြေနှင့် အိမ်ဝိုင်းမြေများရှိ စည်းရိုးများတွင် ရာသီစာသီးနှံပင်များအဖြစ် စိုက်ပျိုးထား ကြပြီး သုံးနှစ်ကျော်တွင် အပွင့်ပွင့်၍ အသီးများကို ဆွတ်ခူးရောင်းချ စားသောက်နိုင်သည်။

အရသာခါးသက်သက် ပူရှိန်းရှိန်းရှိသော ကြောင်လျှာသီးကို မီးဖြင့် အုံ စားခြင်း၊ အတို့အမြှုပ်အဖြစ် စားသုံးနိုင်ခြင်း၊  ပါးပါးလှီး၍ ချဉ်ဖက်စိမ်စားနိုင်ခြင်း၊ ဆီချက် ပဲမှုန့်တို့နှင့် သုပ်စားနိုင်ခြင်းတို့ကြောင့် စားရသူများကို ခံတွင်းတွေ့စေသဖြင့် ကြောင်လျှာသီး တစ်တောင့်လျှင် ကျပ် ၁၀၀၀၊ နှစ်တောင့်လျှင် ကျပ် ၁၅၀၀ ရောင်းရကြောင်းနှင့် ယခုအခါ မှာယူသူ များပြားလျက်ရှိပြီး ကြောင်လျှာသီးစိုက်တောင်သူများ၊ ရောင်းချသူများသည် စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း ဒေသခံတစ်ဦးထံမှ ​သိရသည်။

မြန်မာဆေးကျမ်းများအလိုအရ ဖန်ခါးသော အရသာရှိ၍ ပူ၏၊ စပ်၏၊ ကြေလွယ်၏၊ နှုတ်ကိုမြိန်စေ၏။ နှလုံး၊ လည်ပင်းကို အကျိုးပြု၏။ ဝမ်းမီးကို တောက်စေသည်။ လေ၊ သလိပ်ကို နိုင်သည်။ မြင်းသရိုက်၊ ဝမ်းသက်၊ အဖျား၊ အစာမကြေ၊ နူနာ၊ ပျို့အန်၊ ချောင်းဆိုးရောဂါတို့ကို ပျောက်ကင်းစေနိုင်၍ ခွန်အားကို တိုးပွားစေကြောင်း တိုင်းရင်းဆေးကုဌာနမှ သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)