မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မြို့သစ်မြို့နယ်အတွင်းရှိ နွားမွေးမြူရေးခြံနှင့် မြေသားကျောက်ရော မြေခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး

မကွေး     ဧပြီ     ၂၂

မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်လွင်သည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းဦးနှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယနေ့ နံနက် ၈ နာရီက မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊ ရေပြည့်ကျေးရွာတွင် Good Brother Co,Ltd မှ ဆောင်ရွက်လျက်ရှိသည့် နွားမွေးရေးခြံသို့ ရောက်ရှိပြီး နွားများမွေးမြူထားရှိမှု အခြေအနေ၊ တောင်သူများသို့ နွားမွေးဘက်ပေး၍ မွေးမြူနေမှု အခြေအနေ၊ နွားများအတွက် နေဗီယာနွားစာ စိုက်ပျိုးမှုအခြေအနေနှင့် နွားချေးဖြင့် Bio Gas ထုတ်လုပ်သုံးစွဲမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး မွေးမြူရေးဇုန် ဖြစ်သည်အထိ တိုးချဲ့ လုပ်ကိုင်ဆောင်ရွက်ရန် မှာကြားဆောင်ရွက်ကာ ရေပြည့်ကျေးရွာရှိ ဘုတ်ချောင်း တမံအား သွားရောက် ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ၂၀၂၀-၂၀၂၁ တိုင်းဒေသကြီးရန်ပုံင (၉၀.၆၂၅) သန်းဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လေးတိုင်စင်-သားမျှား (မြေသား+ကျောက်ရော မြေခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိ သူများအား သတ်မှတ်အတိုင်းအတာပြည့်မီရေး အထူးအလေးထားဆောင်ရွက်ရန်နှင့် အရည်အသွေး ပြည့်မီ ကောင်းမွန်အောင် ဆောင်ရွက်၍ သတ်မှတ်ချိန် အမီပြီးစီးရေး၊ အဆိုပါလမ်းအား ကျေးရွာ အပြင်ဘက်မှ ဆောင်ရွက်နိုင်ရေးအတွက် တောင်သူများနှင့် ညှိနှိုင်း၍ ဆောင်ရွက်ကြရန်၊ ကျေးရွာတွင်းရှိ လမ်းများမှာ ကျဉ်းမြောင်းနေသဖြင့် မီးဘေးအန္တရာယ်ဖြစ်ပေါ် လာပါက မီးသတ် ကားများ လွယ်ကူစွာ ဝင်ထွက်သွားလာနိုင်ရေးအတွက် ဆောင်ရွက်ရန်၊ မြို့အဆင့်အထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားဆောင်ရွက်ခဲ့သည်။

ဆက်လက်ပြီး လေးတိုင်စင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ပြင်ဆင်ဆောင်ရွက် ထားရှိမှု အခြေအနေများနှင့် ဆရာ/ဆရာမ လိုအပ်ချက်များ မေးမြန်းကာ လိုအပ်ချက်များအား ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါကျေးရွာ ကျေးလက် ကျန်းမာရေးဌာနခွဲမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လက်ရှိဆေးကုသ ဆောင်ရွက် နေမှုအခြေအနေ၊ ဝန်ထမ်းလိုအပ်မှု အခြေအနေနှင့် တွေ့ကြုံနေရသည့် အခက်အခဲများအား မေးမြန်း၍ လိုအပ်ချက် များအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းနိုင်ဦး (ငဖဲ)