ဘားအံ ဩဂုတ် ၇
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သာသနာ့ဗိမာန်တော်တည်ဆောက်နိုင်ရေးအတွက် ဆရာတော်၊ သံဃာတော်များသည် ယမန်နေ့မွန်းလွဲ ၁ နာရီက ပြည်နယ်သံဃနာယကအဖွဲ့ရုံး ဓမ္မဝါသီကျောင်းတိုက်၌ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
သာသနာ့ဗိမာန်တော်တည်ဆောက်ရန် ဘားအံမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျောက်တိုင်ကွင်း၊ ဦးပိုင်အမှတ် (၇/၂) ရှိ မြို့မြေ(ဂရန်) ဧရိယာ ၂ ဒသမ ၅၅၆ ဧကအနက် ၀ ဒသမ ၉၂၇ ဧကကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်အရ သတ်မှတ်အတည်ပြုခဲ့ပြီးဖြစ်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။
ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဓမ္မဝါသီကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥတ္တရက ပြည်နယ်အစိုးရအဖွဲ့က သာသနာ့ဗိမာန်တော်မြေနေရာအဖြစ် သတ်မှတ်အတည်ပြုခဲ့သည့်ကိစ္စနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်သာသနာရေးမှူးက သာသနာ့မြေအဖြစ်ရရှိရေး သာသနာ့ဗိမာန်တော်တည်ဆောက်မှုကို ညွှန်ကြားလွှာ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားကာ တက်ရောက်လာသော ဆရာတော်ကြီးများက သာသနာ့မြေအဖြစ်ရရှိရေးနှင့် သာသနာ့ဗိမာန်တော်တည်ဆောက်ရေးဆိုင်ရာများကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးများသည် သာသနာ့ဗိမာန်တော်တည်ဆောက်မည့်မြေနေရာအား ကွင်းဆင်းကြည့်ရှု့ခဲ့ကြပြီး သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရန် ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များက သဘောတူပါကြောင်း၊ သာသနာ့ဗိမာန်တော်ကြီးတည်ဆောက်ရန် လိုအပ်သောမြေပမာဏလုံလောက်မှုမရှိပါက တိုးချဲ့မြေရရှိရေး ပြည်နယ်အစိုးရအဖွဲ့ထံ ထပ်မံအလှူခံသွားရန်၊ သာသနာ့ဗိမာန်တည်ဆောက်မည့်ပတ်ဝန်းကျင်တွင် ဆိုင်ခန်း (သို့) ဗိမာန်တော်ကြီးနှင့် လိုက်ဖက်တင့်တယ်မှုမရှိသည့်အဆောက်အဦများဆောက်လုပ်ခြင်းမပြုရန် ပြည်နယ်အစိုးရအဖွဲ့နှင့်ညှိနှိုင်းသွားရန် အချက် (၃) ချက်ကို ယာယီဆုံးဖြတ်အတည်ပြုခဲ့ကြကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)