ဟားခါး မတ် ၃၀
ချင်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ်အဆင့်လုပ်ငန်း ကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ဆေးရုံကြီးနှင့်မြို့နယ်စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်း၍ ဟားခါး မြို့အတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကူးစက်မှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီအချိန်က ဟားခါးမြို့ အဝေးပြေး ကားဂိတ်နေရာတွင် ကားဝင်း အတွင်း ခရီးသည်တင် မော်တော်ယာဉ်များ၊ ဂိတ်မှူး ရုံးခန်းများ၊ ပစ္စည်းထားရှိရာ နေရာများနှင့် ခရီးသည် ထိုင်နေရာများ အားလုံးကို ပိုးသတ်ဆေးများ ပက်ဖျန်းခဲ့ကြကြောင်း သိရသည်။
အဝေးပြေးကားဂိတ် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများအား ချင်းပြည်နယ်စည်ပင် သာယာရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီး ဦးစိုးထက်၊ ချင်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်၊ ထိန်းချုပ်ကုသရေး ပြည်နယ် အဆင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် ကော်မတီဝင်များက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြရာ ချင်းပြည်နယ် သယ်ယူပို့ဆောင်ရေးနှင့် လုပ်ငန်းလိုင်စင် မှတ်ပုံ တင်ရေး ကြီးကြပ်ညှိနှိုင်းမှု ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးစောမြင့်လွင်က မော်တော်ယာဉ်များတွင် စီးနင်းလိုက်ပါမည့် ခရီးသွားပြည်သူများအား ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှုမရှိစေရေး မော်တော်ယာဉ် ပိုင်ရှင် များ၊ ဂိတ်မှူးများ၊ ယာဉ်မောင်းများနှင့် ပူးပေါင်း၍ လက်ဆေးကန်များ၊ Hand Gel များ၊ အသိပညာပေး ပိုစတာများ ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင် အရာရှိ ဦးတမ်အောင်ရှိန်းက ပိုးသတ်ဆေး ပက်ဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဟားခါးမြို့အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်မှု မရှိစေရေး ချင်းပြည်နယ် ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ပြည်နယ်အဆင့် လုပ်ငန်းကော်မတီမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ပြည်နယ်ပြည်သူ့ ကျန်းမားရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများက သက်ဆိုင်ရာ တာဝန်ရှိ သူများနှင့် ပူးပေါင်း၍ အသိပညာပေး နှိုးဆော်ခြင်းများ၊ ရောဂါကူးစက်မှု မရှိစေရေး ပိုးသတ်ဆေး ဖျန်းခြင်းများနှင့် ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)