နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်းပေးအပ်

နမ့်ဆန်   ဩဂုတ်   ၇

စိုက်ပျိုးရေး၊ မွေမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကိုဗစ်-၁၉ ကာလ ကျေးရွာလူထုများ၏ စီးပွားရေးထိခိုက်မှုကို ကုစားရန် ရည်ရွယ်၍ ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် ငွန်ဆိုင်းကျေးရွာအား ကျေးရွာလည်ပတ်ရန်ပုံငွေအဖြစ် ထောက်ပံ့ငွေမတည်ပေးပြီး အိမ်ထောင်စုများထံ သက်သာသောအတိုးနှုန်းဖြင့် ထုတ်ချေးပေးခြင်းဖြင့် ရေရှည် တည်တံ့လည်ပတ်စေမည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေလွှဲပြောင်း ပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၃)နာရီက ငွန်ဆိုင်း ကျေးရွာစာကြည့်တိုက်၌ ကျင်းပပြုလုပ်သည်။

ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP)ရန်ပုံငွေ ပေးအပ်ပွဲတွင် ရှမ်းမြောက် ကျေးလက်ဦးစီးဌာန ပြည်နယ် ဦးစီးမှူး ဦးသန်းလင်းထွန်း (ညွှန်ကြားရေးမှူး)၊ နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ဇင်လတ်၊ ဒုတိယဦးစီးမှူး ဦးကျော်သန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသိန်းဝင်းနှင့် မတည်ငွေ ချေးယူမည့် ကျေးရွာလူထု များတို့တက်ရောက်ပြီး ကျေးရွာမတည်ရန်ပုံငွေ ကျပ်သိန်း (၃၀၀) ကို ကျေးရွာကော်မတီများထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ထို့နောက် ကျေးရွာကော်မတီများက မတည်ငွေ ထုတ်ချေးပေးနေမှုများကို ရှမ်းမြောက် ကျေးလက်ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသန်းလင်းထွန်း (ညွှန်ကြားရေးမှူး) က ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကိုဗစ်-၁၉ကာလတွင် နိုင်ငံတော်၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ကို အထောက်အကူ ပြုစေရန်၊ လုပ်ကွက်ငယ် တောင်သူများ၊ စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့် အသေးစားစီးပွားရေး လုပ်ကိုင်သူများအတွက် လိုအပ်သော ငွေကြေး အရင်းအနှီးများ ရရှိနိုင်စေရန်၊ ရရှိသော ငွေကြေးအရင်းအနှီးဖြင့် မိသားစုဝင်ငွေ တိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်၊ တိုးပွားလာသော ရန်ပုံငွေ များဖြင့် ကျေးရွာမှပိုင်ဆိုင်သော မတည်ရန်ပုံငွေထူထောင်၍ စဉ်ဆက်မပြတ် ငွေကြေးအရင်းအမြစ် ရရှိရေး ဆောင်ရွက်နိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် လည်းကောင်း၊  ပြည်သူဗဟိုပြုချဉ်းကပ်မှု နည်းလမ်းဖြင့် မတည်ငွေအား အများသဘော တူညီမှုဖြင့် ကျေးရွာလူထုကိုယ်တိုင်မှ စီမံခန့်ခွဲ အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ စိုက်ပျိုး၊ မွေးမြူ နည်းပညာပံ့ပိုးမှုနှင့် ဈေးကွက်ချိတ်ဆက်မှုကို စိုက်ပျိုးရေး မွေးကု၊ ငါး၊ အသေးစားစက်မှုလက်မှု ဦးစီးဌာနများမှ ဆောင်ရွက်ပေးခြင်း ကိုလည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်း၊ ကျေးရွာကုန်ထုတ်လုပ်ငန်း၊ အသေးစား ရောင်း ဝယ်ရေးလုပ်ငန်းနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းများနှင့် အစုအဖွဲ့ဖြင့် ဆောင်ရွက်သော လယ်ယာ၊ သားငါး စိုက်ပျိုး မွေးမြူမှုများ၊ ကုန်ထုတ်လုပ်ငန်းများနှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုးထုတ်လုပ်သည့် လုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်သည့် နည်းလမ်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက် သွားမည်ဟုသိရသည်။

ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) အစီအစဉ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နမ့်ဆန်မြို့နယ် အတွင်းရှိ ငွန်ဆိုင်းကျေးရွာ၊ မန်ပန်ကျေးရွာ၊ လေလုကျေးရွာ၊ မန်စပ်ကျေးရွာ နှင့် (အောက်)မန်လွယ်ကျေးရွာများတို့တွင် အကောင်အထည်ဖော်သွားမှာဖြစ်ပြီး မတည်ရန်ပုံငွေ ပေးရာတွင် အိမ်ခြေ(၁၀၀)နှင့်အထက်ရှိရွာကို ကျပ်(၃၀၀)သိန်း၊ အိမ်ခြေ(၅၀)နှင့် (၁၀၀)ကြား ရှိရွာကို ကျပ်(၂၀၀)သိန်းနှင့် အိမ်ခြေ(၅၀)နှင့်အောက်ရှိရွာကို ကျပ်(၁၀၀)သိန်းဖြင့် (၃)မျိုးခွဲ၍ မတည်ပေးသွားပါမည်။ ၎င်းမတည်ငွေများကို စီမံကိန်း ပထမနှစ်တွင် ငွေ(၁၀၀)ကျပ်အတွက် ၁လလျှင် (၅၀)ပြားနှုန်း၊ ဒုတိယနှစ်မှ စတင်၍ ငွေ(၁၀၀)ကျပ်အတွက် ၁လလျှင် (၅၀)ပြားနှုန်းမှ ၁ကျပ် (၅၀)ပြားနှုန်းအတွင်းသတ်မှတ်၍ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)