မြိတ် မေ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ပိုက်ကျော်ခြင်း အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် T.S.D.P အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ညနေပိုင်းက မြိတ်ခရိုင် အားကစား ခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ မွေးထုတ်ပေးနိုင်ရေးအတွက် ပိုက်ကျော်ခြင်း သင်တန်းသား(အခြေခံ)အဆင့် နှစ်ယောက်တွဲပြိုင်ပွဲနှင့် သင်တန်းသား (အဆင့်မြင့်) အဆင့် နှစ်ယောက်တွဲ ပြိုင်ပွဲတို့ကို ကျင်းပခဲ့ပြီး ဗိုလ်လုပွဲကို အောင်မြင့်မြတ်ကလပ်အသင်းနှင့် သာပျော်ကလပ်အသင်းတို့ ယှဉ်ပြိုင် ကစားခဲ့ကြရာ အောင်မြင့်မြတ်ကလပ်အသင်းက (၂)ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲဆက်လက်ကျင်းပခဲ့ရာ ပိုက်ကျော်ခြင်း သင်တန်းသားအဆင့် ပြိုင်ပွဲများတွင် ဆုရရှိသူများကို ငွေသားဆုနှင့် ကလပ်ပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် တတိယဆုရရှိသော သုံးရာသီ ကလပ်အသင်းနှင့် ဒုတိယဆုရရှိသော သာပျော်ကလပ်အသင်းတို့မှ အားကစားသမားများကို လည်ဆွဲဆုနှင့် ငွေသားဆုများကို မြို့နယ်ပိုက်ကျော်ခြင်းကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က ပေးအပ်ချီးမြှင့်ခဲ့ပြီး ပထမရရှိသော အောင်မြင့်မြတ်ကလပ်အသင်းမှ အားကစား သမားများကို လည်ဆွဲဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြိတ် ခရိုင်အားကစားမှူး ဦးကိုဇော် က ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း(၁၂)သင်းပါဝင်ယှဉ် ပြိုင်ခဲ့ကြ ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )