ပဲခူး မေ ၃
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီးအားကစားခန်းမ၌ ယမန်နေ့ညနေ ၃ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ဇိုင်းတောင်(ခ)ကလပ်အသင်းနှင့် ပဲခူးကလပ်အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ ကောင်စီအဖွဲ့ဝင်များ၊ ဥပဒေချုပ်၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ပြီး ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ စတုတ္ထရရှိသော ဒိုက်ဦးကလပ်အသင်း၊ တတိယဆုရရှိသော ရုံးကြီးအသင်း၊ ဒုတိယဆုရရှိသော ဇိုင်းတောင်(ခ)ကလပ်အသင်းတို့အား ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး မိုးမင်းနိုင်က တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆုတို့အား လည်းကောင်း၊ အကောင်းဆုံးကစားသမားဆုများဖြစ်သည့် ရိုက်ခုတ်အကောင်းဆုံးဆု၊ ပင့်ထောင် အကောင်းဆုံးဆုနှင့် စပေးဘောအကောင်းဆုံးဆုများ ရရှိကြသည့် အားကစားသမား များအား ပဲခူးတိုင်း ဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဦးမောင်မောင်အေးက ဆုတံဆိပ်နှင့်ငွေသားဆုတို့ကို လည်းကောင်း အသီးသီးပေး အပ်ချီးမြှင့်ကြသည်။
ယင်းနောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးကလပ်အသင်းအား ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆု(၆)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒိုင်အဖွဲ့များကိုလည်း ချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်း ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်ရာ အုပ်စု(၄)အုပ်စု ခွဲ၍ ဧပြီလ(၃၀)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ ပဲခူးမြို့ တိုင်းဒေသကြီး အားကစားခန်းမ၌ ကျင်းပပြုလုပ် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ပဲခူးမြို့ ရွှေမော်ဓော်ဘုရားလမ်း (ရှင်စောပုလမ်းနှင့် ဗန္ဓုလလမ်းအကြား)အား တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့မှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေကျပ်သန်း (၂၃၁)သန်းဖြင့် နိုင်လွန်ကတ္တရာလမ်း အဆင့် မြှင့်တင်ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းလယ်ကျွန်းများ ပြန်လည်ပြင်ဆင်ရန်နှင့် မိုးရာသီ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းဖော်ခြင်း လုပ်ငန်းများ တဆက်တစပ်တည်း ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)