မင်းလှမြို့နယ်၌ ပထမအကြိမ် ဂရန်အင်းများ လေလံရောင်းချ

မင်းလှ မေ ၅ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ငါးလုပ်းငန်းဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ပထမအကြိမ် ဂရန်အင်းများ လေလံရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လေလံတင်ရောင်းချပွဲတွင် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းတို့က ၂၀၂၁ -၂၀၂၂ ခုနှစ် ငါးလုပ်ငန်းရာသီအတွက် ဂရန်အင်းများ၏ လိုက်နာရမည့် စည်းကမ်းချက်များ၊ ဂရန်အင်းများမှ ငါးထွတ်ရှိမှုနှုန်း တိုးတက်လာစေရန် အင်းလေလံဆွဲဝယ်ရရှိသူသည် ငါးလုပ်ငန်းဦးစီးဌာနမှ သတ်မှတ် ထားသည့်အတိုင်း အင်းအတွင်း ငါးမျိုးစိုက်ထည့်ရန်နှင့် လေလံရောင်းချရန်ကျန်ရှိသည့် အင်းများကို မေလ ၂၀ ရက်နေ့ ဒုတိယအကြိမ် လေလံတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ထိုနောက် တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစိုးမင်း၊ ခရိုင်ငါးလုပ်ငန်း ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်း၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူးဦးဖြိုးဝေလင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသူရိန်ထွန်းနှင့် တာဝန်ရှိသူများက ဂရန်အင်းများ လေလံတင် ရောင်းချရာ မင်းလှ၊ အုတ်ဖို၊ ကြို့ပင်ကောက်၊ နတ်တလင်းမြို့နယ်အတွင်းရှိ ဂရန်အင်း(၅)အင်းရှိသည့် အနက် ပထမအကြိမ်တွင် ဂရန်အင်း (၄) ခုကို အင်းသားကြီးများထံ ရောင်းချနိုင်ခဲ့ပြီး အင်းခွန်ငွေကျပ် (၅၆၉၀၀၀၀) ငါးဆယ့်ခြောက်သိန်းကိုးသောင်းကျပ် တိတိအား နိုင်ငံတော်အခွန်ငွေရရှိခဲ့ကြောင်း သိရ သည်။ ပေါက်စ ပြန်/ဆက်