ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာ သူများအား စောင့်ကြည့် လူနာအဖြစ် ထားရှိမည့် နေရာများအား ကြည့်ရှု စစ်ဆေး

ဖယ်ခုံ မတ် ၃၀ ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်၌ COVID-19 ကူးစက်ဖြစ်ပွားမှု ကြိုတင်ကာကွယ်ရေးအဖြစ် ပြည်ပနိုင်ငံများမှပြန်လည် ရောက်ရှိလာသူမျာအား ၁၄ ရက်စောင့်ကြည့်ရန် စီစဉ်ထားသော နေရာများအား လွတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က ယနေ့ နံနက် ၉ နာရီခွဲက လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရှိရသည်။ ဖယ်ခုံမြို့ပေါ်တွင် အထက(၁)နှင့် အထက(၂)တို့တွင် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူမျာအား ၁၄ ရက် စောင့်ကြည့်ရန်စီစဉ်ထားပြီး ရွှေပြည်အေးဆေးရုံ၊ မိုးဗြဲ၊ ခရက်ဒုန်းဆေးရုံ၊ ဆီးဘူးဆေးရုံနှင့် လအိဆေးရုံ တို့တွင်လည်း စီစဉ်ထားကြောင်း သိရှိရသည်။ အဆိုပါ စီစဉ်ထားသော နေရာများအနက် အထက(၁)တွင် ယနေ့ ၁၁ ဦး ထားရှိမည်ဖြစ်ကြောင်း သိရှိရသည်။ ယခင်ပြန်ပြည်ပမှ ပြန်လာသူများအား Home quarantine အဖြစ်ထားရှိရာ မတ်လ ၂၈ ရက်နေ့ အထိ ၂၃၁ ဦး ရှိပြီး COVID-19 သံသယ လက္ခဏာများ မတွေ့ရှိရကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ အဆိုပါလုပ်ငန်းများအား စစ်ဆေးရာတွင် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးဖိုးမောင်၊ ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဒေါ်မေရီနျို့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်လွင်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကြပြီး အိပ်ဆောင်များ၊ သန့်စင်ခန်းများ၊ ရေရရှိရေး၊ လျှပ်စစ်မီးလင်းရေး၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်ရေး စသည်ဖြင့် လိုအပ်ချက်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။ ကိုထွေး(ဖယ်ခုံ)