ပဲခူး မေ ၅
ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်းရှိ တိုင်းဒေသကြီး အားကစားခန်းမ၌ ယနေ့ နံနက် ၈ နာရီက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား ကလပ်ပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ် ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌကိုယ်စား ပဲခူးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ ကောင်စီဝင် (၁) ဗိုလ်မှူးကြီးလှမျိုးရွှေက ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ဖူဆယ်ပြိုင်ပွဲ ကျင်းပရခြင်းသည် တမျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် လူထုအားကစားလှုပ်ရှားမှု (Mass Sport) ထူးချွန်ထက်မြက်သော နိုင်ငံဂုဏ်ဆောင် အားကစားသမား လူရည်ချွန်များ မွေးထုတ် ပေးနိုင်ရေး၊ ဒေသတွင်းမှ ထူးချွန်အားကစားသမားများအား မြန်မာ့လက်ရွေးစင် အားကစား သမားများအဖြစ် မွေးထုတ်ပေးနိုင်ရေး၊ ပဲခူးတိုင်းဒေသကြီးတွင် ဖူဆယ်အားကစားနည်းကို ပိုမို စိတ်ဝင်စားလာစေပြီး၊ နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဖူဆယ် ပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအနေဖြင့် အောင်မြင်မှုများ ရရှိနိုင်ရေး ယခုပြိုင်ပွဲကတစ်ဆင့် ထူးချွန် ထက်မြတ်သော သွေးသစ်လူငယ် ဖူဆယ်အားကစားသမားများကို ရွေးချယ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲဝင် အားကစားသမားအားလုံး အားကစားစိတ်ဓာတ် အပြည့်အဝဖြင့် သန့်သန့်ရှင်းရှင်း ကြိုးစားယှဉ်ပြိုင်သွားကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကားပြောကြားကာ အမျိုးသား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲဝင် အားကစားအသင်းများက အားကစား သစ္စာအဓိဋ္ဌာန်ရွတ်ဆိုပြီး အဖွင့်ပွဲစဉ် အဖြစ် အုပ်စု(က)မှ အလင်းစစ်အသင်းနှင့် ညောင်လေးပင်အသင်းတို့ယှဉ်ပြိုင်ကစားခဲ့သည်။
ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား ကလပ်ပေါင်းစုံ အမျိုးသား အလွတ်တန်း ဖူဆယ်ပြိုင်ပွဲတွင် တိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးမှ အသင်း(၁၆)သင်း ပါဝင်ယှဉ်ပြိုင်ရာ အုပ်စု(၄) အုပ်စုခွဲ၍ မေလ(၅)ရက်နေ့မှ မေလ(၇)ရက်နေ့အထိ ပဲခူးမြို့ တိုင်းဒေသကြီး အားကစား ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်းသိရှိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)