ကျောက်တန်းမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ကျောက်တန်း ဩဂုတ် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းဝင်းက အမှာစကားပြောကြားရာတွင်  ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲ ဝင်များက မိမိတို့တာဝန်ကျရာ နယ်မြေများသို့ ကွင်းဆင်းဆောင်ရွက်စေလိုကြောင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွင် ပါဝင် သော ဌာနဆိုင်ရာ များနှင့် အများယုံကြည်လေးစားခံရသော ပုဂ္ဂိုလ်များ သည် မိတ်ဖက်များဖြစ်ပါကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမို ကရေစီအထွေထွေရွေးကောက်ပွဲကို  နိုဝင်ဘာ(၈) ရက်နေ့တွင်  ကျင်းပမည်ဖြစ်ပြီး သက်ဆိုင်ရာ လွှတ်တော် အလိုက် ရွေးကောက်ပွဲကျင်းပမည့် မဲဆန္ဒနယ်များကို သတ်မှတ်ကြေညာပြီး ဖြစ်ကြောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် ပြည့်စုံမှန်ကန် သည့် မဲဆန္ဒရှင်စာရင်းများ ရရှိရေးအတွက် မဲစာရင်းကပ်ထားကြေညာ ချိန်တွင်  ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မိမိတို့ပါ/မပါ သွားရောက်ကြည့်ရှုရန် ကူညီဆောင်ရွက်ပေးစေလိုပါကြောင်း ဆွေးနွေးပြောကြားပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ ဌာနဆိုင်ရာများကလည်း အသီးသီး ပြန်လည် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်တွင် မဲရုံပေါင်း(၁၉၂)ရုံတွင် ဆန္ဒမဲပေးနိုင်သူ မဲဆန္ဒရှင်ပြည်သူ (၁၂၇၃၅၁) ဦးခန့်ရှိကြောင်း သိရသည်။

ခင်ဆွေဝင်း  (ကျောက်တန်း)