ကျောက်ဆည်မြို့နယ်၊ ကျီးအိပ်ကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့်ကွင်းဆင်းဆောင်ရွက်

ကျောက်ဆည်  ဩဂုတ်   ၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးတင်ဝင်းနှင့် မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းတို့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျောက်ဆည်မြို့နယ် ကျီးအိပ်ကျေးရွာတွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရန် မဲဆန္ဒရှင်စာရင်းတွင် အမည်ပါရှိပြီး အသက် (၁၈) ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့်ဆုံးရှုံးမှုမရှိစေရေး  နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့် ယနေ့နံနက်  ၉ နာရီက  အဆိုပါကျေးရွာဓမ္မာရုံတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား သစ္စာစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောက်ဆည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းနှင့်ဝန်ထမ်းများသည် ကျီးအိပ်ကျေးရွာအုပ်စုအတွင်းရှိ ကျီးအိပ်၊ ကောင်းတင်၊ ရွာတော်ကျေးရွာများမှ အိမ်ထောင်စု (၆၆၆) စု၊ လူဦးရေ (၂၈၀၀) ဦးရှိရာ မဲပေးခွင့်ရှိသူ (၂၀၂၈) ဦးအနက် လူဦးရေ (၃၀) ဦးမှာ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား မြန်မာနိုင်ငံသားအက်ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အနေဖြင့် ရပ်ကွက် (၁၀) ရပ်ကွက်၊ ကျေးရွာအုပ်စု (၈၇) အုပ်စု၊ ကျေးရွာပေါင်း (၂၂၃) ရွာတွင်လည်း အသက် (၁၈) နှစ်ပြည့်ပြီးသူများ ဆန္ဒမဲပေးနိုင်ရေး နေ့စဉ်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို သစ္စာစီမံချက်ဖြင့် အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဌေးဝင်းကပြောပြ၍ သိရသည်။

တင်တင်ထွေး(ပြန်/ဆက်)