မန္တလေး မေ ၁၂
မန်းတောင်ခြေ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား Covid-19ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး ခြင်းကို ယမန်နေ့ မွန်းတည့် ၁နာရီက အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ အကွက်(၂၇/၂၈)ရှိ မန်းတောင်ခြေဘိုးဘွားရိပ်သာ၌ ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးမှ သွားရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
Covid19 ရောဂါကာကွယ်ဆေးထိုးနှံခြင်းကိုအမှတ်(၁)စစ်မြေပြင်ဆေးတပ်ရင်း(နန်းတွင်း) မှခေတ္တတပ်ရင်းမှူး ဗိုလ်မှူးအောင်စစ်ငြိမ်းပါ ကာကွယ် ဆေးထိုး အဖွဲ့များက မန်းတောင်ခြေဘိုးဘွားရိပ်သာရှိ အသက်(၇၀)နှစ် အထက် အဘိုး(၁၂)ဦး၊ အဘွား(၃၉)ဦးတို့နှင့် မန်းတောင်ခြေဘိုးဘွားရိပ်သာ ကော်မတီဥက္ကဋ္ဌ ဦးကျော်အေးဝင်း ပါကော်မတီဝင်(၆)ဦး၊ ဘိုးဘွားရိပ်သာဝန်ထမ်း အမျိုး သား(၁၀)ဦး၊ အမျိုးသမီး(၁၃) ဦး၊ ၎င်းဝန်ထမ်းများအားမှီခိုသူ အမျိုးသား(၁၇)ဦး၊ အမျိုးသမီး(၁၄)ဦး စုစုပေါင်း(၁၁၁)ဦးတို့အား Covid-19ရောဂါကာကွယ်ဆေးကိုပထမအကြိမ်အဖြစ်ထိုးနှံပေးခဲ့ခြင်းဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာသို့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ အမှတ်(၉၁၀) စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းမှ တပ်ရင်းမှူး အမှတ်(၂)စစ်နယ်မြေမှူး ဒုတိယဗိုလ်မှူးကြီး ကျော်မြင့်အောင်၊ အောင်မြေသာစံမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များနှင့်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်တို့က သွားရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)