ပုသိမ် သြဂုတ် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အမှတ် ၁၀ ရပ်ကွက်ရှိ မီးသွေးမီးဖိုလုပ်ငန်းများမှ Covid -19 ရောဂါဖြစ်ပွားစဉ် ကာလအတွင်း မီးသွေးမီးဖိုရောင်းအား ၃ ပုံ ၁ ပုံခန့် ကျဆင်းသွားကြောင်းသိရသည်။
ပုသိမ်မြို့တွင် ထုတ်လုပ်သော မီးဖိုများကို ရန်ကုန်မြို့သို့ အဓိကတင်ပို့ခြင်းဖြစ်ပြီး Covid -19 ဖြစ်ပွားမှုကြောင့် ကျန်းမာရေးအတွက် ကန့်သတ်ချက်များရှိတာကြောင့် လည်းကောင်း၊ ဘိလပ်မြေမီးဖို၊ ဖိုင်ဘာမီးဖို၊ လျှပ်စစ်မီးဖို စတဲ့ အစားထိုးမီးဖိုများ ဈေးကွက်အတွင်း အမြောက်အများ နေရာယူနေတာတွေကြောင့် လည်းကောင်း အရင်တုန်းက အဓိကအားထားရဆုံးဖြစ်တဲ့ ပုသိမ်မီးသွေးမီးဖိုသည် အရင်ကအလုံး ၃၀၀၀ လောက်ရောင်းရချိန်မှာ ခုချိန်မှာ ၂၀၀၀ လောက် သာရောင်းရတာကြောင့် ရောင်းအား ၃ ပုံ ၁ ပုံလောက်ကျဆင်းသွားကြောင်း လုပ် ငန်းလုပ်ကိုင်သူ ဦးမောင်မောင် က ယခုလို ပြောကြားခဲ့သည်။
ပုသိမ်မြို့တွင်၊ အမှတ် ၁၀ ရပ်ကွက်နှင့် အမှတ် ၉ ရပ် ကွက်များမှ မိရိုးဖလာ မီးသွေးမီးဖို လုပ်ငန်းလုပ်ကိုင်သူ ၁၃ ဦးခန့်ရှိပြီး မီးဖိုအမျိုးအစား အကြီး ၃ မျိုး၊ အသေး ၅ မျိုး စုစုပေါင်း မီးသွေးမီးဖို အမျိုးအစား ၈ မျိုးကို ထုတ်လုပ်လျက်ရှိသည်။
သာမန်အိမ်သုံး မီးဖိုမှစ၍ ကျန်းမာရေးအတွက် တိုင်းရင်းဆေးမှိုင်းခံခြင်း၊ ခြင်ပြေးရန် နနွင်းမှိုင်းထည့်ခြင်း တို့အထိ အသုံးပြုနိုင်ရန်ထုတ်လုပ်သည့် မီးဖိုအသေးအရွယ်အ စားမှာ ၅ လက်မနှင့် ၄ လက်မဆိုဒ်အထိ ထုတ်လုပ်ခဲ့ကြသည်။ မီးဖိုရောင်းအား ကျဆင်းသွားသော်လည်း ယခုလို Covid -19 ကာလတွင် မီးဖိုလုပ်သားများအလုပ် အကိုင်ရရှိပြီး စားဝတ်နေရေး အဆင်ပြေစေဖို့ အတွက် လုပ်ငန်းဆက်လက် လည်ပတ်လျက်ရှိကြောင်း၊ လုပ်ငန်းခွင်လုပ် ဆောင်ရာတွင် လူစုလူဝေးမဖြစ်အောင် ကျန်းမာရေးစည်းမျဉ်းစည်း ကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း လည်းသိရှိရသည်။
မီးဖိုလုပ်ငန်းတွင် ဝင်ရောက်လုပ်ကိုင်နေသော လုပ်သားများအနေဖြင့် ယောကျ်ားတစ်ဦးကို တနေ့ ဝင်ငွေအနည်းဆုံး ကိုးထောင်ရရှိပြီး အမျိုးသမီးများအနေဖြင့် ဝင်ငွေ ငါးထောင်ကျော်အထိ ရရှိနေတာ ကြောင့် မီးဖိုလုပ်သားများရဲ့ စားဝတ်နေရေးကို တဖက်တလမ်းက အဆင်ပြေစေတဲ့ လုပ်ငန်းဖြစ်ကြောင်း ပုသိမ်မြို့က မီးသွေးမီးဖိုလုပ်ငန်းကို နှစ် ၃၀ ကျော် လုပ်ကိုင်လာသူ စပါးနှံမီးဖိုလုပ်ငန်းရှင် ဦးမောင်မောင်ထံမှ သိရသည်။
မြင့်ဟန်