ပွင့်ဖြူမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ပြည်သူများ စာပေအသိပညာတိုးပွားရေး ပြန်လည်ဖွင့်လှစ်

ပွင့်ဖြူ         မေ         ၁၃

ပြည်သူများ စာပေအသိပညာတိုးပွားစေရန်နှင့် စာတတ်သူတိုင်း စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားရှိသော မြို့နယ်ရုံး ပြည်သူ့စာကြည့်တိုက်အား ယခင်က ကိုဗစ် - ၁၉ ရောဂါကြောင့် ယာယီပိတ်ထားခဲ့ရာမှ ယခုအခါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်ချုပ်လာနိုင်ပြီဖြစ်၍ မြို့နယ်အတွင်းရှိ ပြည်သူများ သုတရသ စာအုပ်စာပေ လေ့လာဖတ်ရှိုနိုင်ရန် ဧပြီလ ၂၉ ရက်နေ့မှစတင်၍ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်၍ သုတရသ စာအုပ် စာစောင်များကို အခမဲ့ ငှားရမ်း ပေးနေပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်အား ဖွင့်လှစ်၍ ပြည်သူများအား အခမဲ့စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ငှားရမ်းပေးလျက်ရှိပြီး စာပေချစ်မြတ်နိုးသူများ လာရောက်ငှားရမ်းဖတ်ရှုရာ၌ မိမိတို့ ကြိုက်နှစ်သက်ရာ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင် ရန်အတွက် သုတရသစာအုပ် ၅၇၂၁ အုပ်၊ ဝတ္ထုစာအုပ် ၁၂၈၇ အုပ် ၊ မဂ္ဂဇင်းစာအုပ် ၂၉၁၆ အုပ်၊ ဂျာနယ် ၃၃၃၄ စောင်၊ ကလေးကြိုက်ရုပ်ပြစာအုပ် ၅၂၅ အုပ်၊ စုစုပေါင်း ၁၃၇၈၃ အုပ် နှင့် နေ့စဉ် မြန်မာ့အလင်းသတင်းစာ၊ ကြေးမုံသတင်းစာ၊ အခြား သတင်းဂျာနယ် စာစောင်များနှင့် လစဉ်ထုတ် မဂ္ဂဇင်းစာအုပ်များကို စနစ်တကျ ငှားရမ်းဖတ်ရှုနိုင်ကြောင်းနှင့် မည်သူမဆို အခမဲ့ လာရောက်ငှားရမ်း ဖတ်ရှုနိုင်ကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး )